ဒလ စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁) ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒလမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သင်းကျော်က တစ်နိုင်ငံလုံး ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများချမှတ်ရန်အတွက် အရေးကြီးသည့် လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာအချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်သတ်မှတ်ကာ အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် စာရင်းစစ်/စာရင်းကောက်သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအနေဖြင့် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင်ဒလမြို့နယ်အတွင်းသန်းခေါင်စာရင်း ကောက်ယူနိုင်မည့် ရပ်ကွက်၊ ကျေးရွာများ၌ မထပ်မကျန်ကောက်ယူနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသန်းခေါင်စာရင်းကောက်ယူရေး စာရင်းစစ်/စာရင်းကောက်သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ (၁၃၈) ဦးတက်ရောက်ပြီး ဒလမြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းကို ၁၇-၉-၂၀၂၄ ရက်နေ့မှ ၂၈-၉-၂၀၂၄ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
အေးမြမိုး (ပြန်/ဆက်)