သံဖြူဇရပ်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်များ မြို့နယ်အဆင့်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

သံဖြူဇရပ် စက်တင်ဘာ ၁၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် စာရင်းစစ်၊ စာရင်းကောက်များ မြို့နယ်အဆင့်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က သံဖြူဇရပ်မြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြေငြိမ်းဦးက သင်တန်းသားများအနေဖြင့် ပေးအပ်ထားသည့်တာဝန်များကို မိမိတို့၏အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုနှင့် လက်တွေ့တွင်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများအား အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဌေးခိုင်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပေးသည့် သန်းခေါင်စာရင်းကောက်ယူရာ၌ အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများကို ပေးအပ်ခဲ့သည်။

ဆက်လက်၍ သင်တန်းပို့ချရာ သံဖြူဇရပ်မြို့နယ်အတွင်းမှ သင်တန်းသား၊ သင်တန်းသူ ၈၃ ဦးတို့အား သင်တန်းနည်းပြ ဆရာဆရာမ ၆ ဦးတို့က သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများ၊ လက်တွေ့လေ့ကျင့်ခန်းများ၊ အပြန်အလှန်ဆွေးနွေးခြင်းများ၊ ပဟေဠိအမေးအဖြေများ စသည့်အကြောင်းအရာများကို စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)