သုံးခွ စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁)ကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမိုးဟိန်းကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူးဦးထွန်းဆွှေမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ၂၀၁၄ ခုနှစ်တွင် လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူခဲ့ပြီး (၁၀)နှစ်တစ်ကြိမ်ကောက်ယူခြင်းဖြစ်ပါကြောင်း ၂၀၂၄ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ မြန်မာတစ်နိုင်ငံလုံးတွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို တစ်ပြိုင်နက်ထဲကောက်ယူသွားမှာဖြစ်ပြီး သုံးခွမြို့နယ်အနေဖြင့်စာရင်းစစ် ၃၂ ဦး၊ စာရင်းကောက် ၇၉ ဦး၊ စေတနာ့ဝန်ထမ်း ၄၃ ဦး စုစုပေါင်း ၁၅၄ ဦးဖြင့် ရပ်ကွက်နှင့်ကျေးရွာများတွင် တစ်ပြိုင်နက်ထဲကောက်ယူသွားမှာဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။
လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို စက်တင်ဘာလ(၁၇)ရက်နေ့မှ (၂၈)ရက်နေ့အထိ အ.ထ.က(၁)ကျောင်းတွင် သင်ကြားပို့ချပေးမှာဖြစ်ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)