ကော့သောင်း စက်တင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာများ ဟောပြောပွဲနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင်ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး၊ သန်းခေါင်စာရင်းကြီးကြပ်ရေးကော်မတီ၊ အတွင်းရေးမှူး၊ စစ်ဗျူဟာအဖွဲ့အခြေချ(ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်သန်းခေါင်စာရင်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊ သန်းခေါင်စာရင်းကြီးကြပ်ရေးကော်မတီ၊ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးဦးယဉ်ထွေးက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာများကို အသိပညာပေးအကြောင်းအရာများအား ဟောပြောခဲ့သည်။
ယင်းနောက် စစ်ဗျူဟာအဖွဲ့အခြေချ (ကော့သောင်း)မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးတင်မောင်ကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ် ရေးမှူးဦးစိုးအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမောင်ဋ္ဌေးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချမ်းမြေ့ဇေဦးတို့က ပန်းခင်းစီမံချက်(၃)အရ ဆောင်ရွက်ပြီးစီးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ပြည်သူများထံသို့လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
ကော့သောင်းမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက်(၃)ဖြင့် ရပ်ကွက်၊ ကျေးရွာအသီးသီးတွင် ကွင်းဆင်းဆောင်ရွက်ပြီးစီးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၄၅၃) ကတ်ရှိပြီး ကာယကံရှင်ထံသို့ပေးအပ်ခဲ့ပြီးဖြစ်ရာ ကျန်ရှိနေသူများအားယနေ့တွင် အခမ်းအနားဖြင့် ပေးအပ်ခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသူများအား Biometric ကောက်ယူခြင်းနှင့် ယာယီကတ်ပြားများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)