ခမောက်ကြီးမြို့တွင် နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာအောင်ဆုနှင်းသဘင်အခမ်းအနားကျင်းပ

ခမောက်ကြီး စက်တင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင်  နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ၌ ဖြေဆိုအောင်မြင်ကြသူများအား တိလောကာရုံပရိယတ္တိ သာသနာ့နုဂ္ဂဟအသင်းမှ စာအောင်လက်မှတ်နှင့်စာအောင်ဆုချီးမြှင့်ခြင်း ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ ဂရုဓမ္မအခါတော်နေ့၊ တော်သလင်းလပြည့်နေ့၌ ခမောက်ကြီးမြို့၊ တိလောကာရုံစာသင်တိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

နွေရာသီ ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲကို ခမောက်ကြီး၊ အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာန၌ မေလ(၁၈)ရက်နေ့မှ (၂၀)ရက်‌နေ့ထိ (ယဉ်ကျေးမှုကျင့်ဝတ်ဘာသာ၊ မြန်မာစာ၊ အဘိဓမ္မာဘာသာ) များအား ခမောက်ကြီးမြို့မှ သင်တန်းသား၊သူများက သက်ဆိုင်ရာ အထူးပြုဘာသာရပ်များအလိုက် ဖြေဆိုခဲ့ကြရာ (၃)ဘာသာဂုဏ်ထူး (၇)ဦး၊ (၂)ဘာသာဂုဏ်ထူး(၁၅)ဦး၊ ရိုးရိုး(၁၂)ဦး၊ (၁)ဘာသာဂုဏ်ထူး(၂၄)ဦး ရိုးရိုး(၁၆)ဦး စုစုပေါင်း (၇၄)ဦး ဖြေဆိုအောင်မြင်ခဲ့ကြသည်။

အဆိုပါ ဖြေဆိုအောင်မြင်ခဲ့ကြသော မြို့နယ်အဆင့်ပ၊ဒု၊တဆုရ သင်တန်းသား၊သူများနှင့် ဘာသာရပ်အလိုက် (ဂုဏ်ထူး၊ ရိုးရိုး) အောင်မြင်ကြသူများအား တိလောကာရုံ ပရိယတ္တိ သာသနာ့နုဂ္ဂဟအသင်းမှ ကြီးမှူး၍ ဆရာတော်၊ သံဃာတော်များ၊ အမှတ်(၂၀)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ တာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စာအောင်လက်မှတ်နှင့် စာအောင်ဆုများ ချီးမြှင့်ဂုဏ်ပြုခဲ့ကြပြီး အောင်မြင်စွာဖြေဆိုနိုင်စေရန် လမ်းညွှန်သင်ကြားပေးခဲ့ကြသည့် သင်တန်းနည်းပြ ဆရာ၊ဆရာမများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခမောက်ကြီး (ပြန်/ဆက်)