ရမည်းသင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ မြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ ကျင်းပ

ရမည်းသင်း စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်ရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရမည်းသင်းမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌မောင်ရွှေသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်းလုပ်ငန်းစဉ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့် မူဝါဒချမှတ်ရေးအတွက် အရေးကြီးသည့် လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်ပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ရမည်းသင်းခရိုင်အတွင်း သန်းခေါင်စာရင်းကောက်ယူနိုင်သည့်နေရာ အကြားအလပ်မရှိ ကောက်ကွက်အလိုက် စနစ်တကျရှိစေရေး၊ သန်းခေါင်စာရင်းကောက်ယူခြင်းသည် နိုင်ငံတော်၏ အနာဂတ်စီမံချက်များအတွက် အထောက်အကူဖြစ်စေရုံသာမက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်စေရေးအတွက်လည်း အဓိကကျကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အဆင့်နည်းပြသင်တန်းသို့ တက်ရောက်ကြမည့် စာရင်းစစ် သင်တန်းသား၊ သင်တန်းသူများအား စာရင်းကောက်ယူမည့် အထောက်အကူပြုပစ္စည်းများကို မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦး‌မောင်ရွှေသိန်းနှင့် အတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသိန်းထိုက်တို့က ပေးအပ်သည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ မြို့နယ်အဆင့်နည်းပြသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၂၄၀)ဦး တက်ရောက်ကြကာ သင်တန်းကာလမှာ၏ စက်တင်ဘာလ (၁၇)ရက်နေ့မှ (၂၈)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)