မိတ္ထီလာ စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သမိုင်းဝင်ဖောင်တော်ဦးစေတီတော်မြတ်ကြီး၏ (၁၄၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော် ဆွမ်းသပိတ်ကပ်လှူပွဲကို ယနေ့နံနက် ၇ နာရီက သမိုင်းဝင်ဖော်တော်ဦးစေတီတော်နှင့် ကရဝိတ်တန်ဆောင်းမှန်ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
(၁၄၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော် ဆွမ်းသပိတ်ကပ်လှူပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မိတ္ထီလာမြို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ သာသနဝေပုလ္လကျောင်းတိုက်ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ၎င်းနောက် ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္စျာယ်တော်မူးအပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များထံ အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး မိတ္ထီလာတပ်နယ်မှူး ဗိုလ်မှူးကြီး ဝေလင်းအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် မြို့နယ်စံမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူက ဆွမ်းသပိတ်များ ကပ်လှူခဲ့သည်။ ယင်းနောက် မိတ္ထီလာမြို့ နိုင်ငံတော် သြဝါဒါစရိယ၊ အာသောကာရုံရေလည်ကျောင်းတိုက်ပဓာန နာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တလာဘာဝတထံမှ ရေစက်ချအနုမောဒနာတရား နာယူကြည်ညိုခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့သည်။
မိတ္ထီလာမြို့ သမိုင်းဝင်ဖောင်တော်ဦးစေတီတော်မြတ်ကြီး၏ (၁၄၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ကို စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့ပြီး သမိုင်းဝင်ဖောင်တော်ဦးစေတီနှင့် ကရဝက်တန်ဆောင်းမှန်ကျောင်းအတွင်း၌ ပင့်ဆောင်ကိုးကွယ်သည့် စင်္ကြာမုနိကြေးသွန်းရုပ်ပွားတော်မြတ် တို့အား ဗုဒ္ဓဘိသေကအနေကဇာတင်လှူခြင်းနှင့် ဆွမ်းသပိတ်ကပ်လှူခြင်းများအပြင် မြန်မာ့ရိုးရာလောင်း လှေပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့ရာ ယခုနှစ်တွင် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)