သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)တို့၏ အစီအစဉ်ဖြင့်  ရွှေနတ်တောင်ကြိုးပြင်ကာကွယ်တောနှင့် ဝမ်းတွင်းမြို့နယ် ရွှေဆံတော်ကြိုးပြင်ကာကွယ်တောအတွင်း သစ်စေ့မြေလုံးကြဲ ဆောင်ရွက်

မိတ္ထီလာ စက်တင်ဘာ ၁၇

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)တို့၏ အစီအစဉ်ဖြင့်(၁၇-၉-၂၀၂၄)ရက်၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ရွှေနတ်တောင်ကြိုးပြင်ကာကွယ်တော အပိုင်း(၁)ဧရိယာ (၃၃၀)ဧကနှင့် ဝမ်းတွင်းမြို့နယ်၊ ရွှေဆံတော်ကြိုးပြင်ကာကွယ် တောဧရိယာ(၄၁၀)ဧကအတွင်း သစ်စေ့မြေလုံး(Seed Balls) (၂၀၀၀၀၀)လုံးအား ရဟတ်ယာဉ်ဖြင့်ကြဲ၍ စိုက်ပျိုးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ အခမ်းအနားသို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီးသစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။  သစ်စေ့မြေလုံးပြုလုပ်ရန်အတွက် သစ်မျိုးရွေးချယ်ရာတွင် အပင်ပေါက်ရောက်မှုရာခိုင်နှုန်း ကောင်းမွန်သည့်  မန်ကျည်း၊ စစ်၊ မြန်မာကုက္ကို၊ သင်္ဘောကုက္ကို၊ မယ်ဇလီ၊ ဘောစကိုင်းသစ်မျိုး သစ်စေ့မြေလုံး (၁၀၀၀၀၀)လုံးကို သာစည်မြို့နယ်၊ ရွှေနတ်တောင် ကြိုးပြင်ကာကွယ်တော အပိုင်း(၁) အတွင်း၌လည်းကောင်း၊ မန်ကျည်း၊ ရှား၊ မြန်မာကုက္ကို၊ သင်္ဘောကုက္ကို၊ မယ်ဇလီ၊ ဘောစကိုင်း သစ်မျိုး သစ်စေ့မြေလုံး (၁၀၀၀၀၀)လုံးအား ဝမ်းတွင်းမြို့နယ်၊ ရွှေဆံတော်ကြိုးပြင်ကာကွယ်တောအတွင်း ကြဲ၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။ မိုးရွာသွန်းနည်းပါးသည့် အပူပိုင်းဒေသရှိ သစ်တောသစ်ပင်ကျဲပါးသည့် တောင်တန်း၊ တောင်ကုန်းများ၌ မိုးရွာသွန်းပြီးစ မြေအစိုဓါတ်ရရှိသည့်အချိန်တွင် သစ်စေ့မြေလုံးများကြဲ၍ စိုက်ပျိုးခြင်းဖြင့် ရေ၊ မြေထိန်းသိမ်းနိုင်ပြီး မြေဆီလွှာတိုးတက်ကောင်းမွန်စေသည့် ဒေသမျိုးရင်းသစ်မျိုးနှင့် အကြီးမြန်သစ်မျိုးများကို အပူပိုင်းဒေသ၏ သစ်တောဖုံးလွှမ်းမှုနှင့် ဂေဟစနစ် တိုးတက်လာစေရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သစ်စေ့မြေလုံးကြဲချ စိုက်ပျိုးခြင်းသည် သွားလာရန်ခက်ခဲသည့် တောင်ကုန်း၊ တောင်တန်းများတွင် ဆောင်ရွက်နိုင်ခြင်း၊ လူအင်အားအနည်းငယ်ဖြင့် ဧရိယာကျယ်ဝန်းစွာ စိုက်ပျိုးဆောင်ရွက်နိုင်ခြင်း၊ အချိန်တိုအတွင်း ဧရိယာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် သစ်စေ့မြေလုံးကြဲ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် မိုးရာသီ၌    ရွှေနတ်တောင်ကြိုးပြင်ကာကွယ်တောနှင့် ရွှေဆံတော်ကြိုးပြင်ကာကွယ်တောအတွင်း    သစ်စေ့ကြဲချခြင်း အောင်မြင်မှုအခြေအနေများကို ၂၀၂၄ ခုနှစ်၊  ဒီဇင်ဘာလတွင် နမူနာကွက်များ ပြုလုပ်၍ အပင်ပေါက်ရောက်မှုကာလနှင့် သစ်စေ့မျိုးအလိုက် ပေါက်ရောက်ရှင်သန်နိုင်မှု အခြေအနေစာရင်း ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။   

ချမ်းသာ