မိုင်းဖြတ် စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စက်တင်ဘာလ ၁၀ ရက်က မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်း၊ လူနေအိမ်များသို့ ရေများဝင်ရောက်ခြင်း၊ ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက် တောင်ပြိုခြင်း၊ လမ်းသားပဲ့ကျခြင်းများ ဖြစ်ပေါ်ခဲ့ရာ မော်တော်ယာဥ်များ သွားလာမှုများ ရပ်တန့်ခဲ့ရာ ယခုအခါ မော်တော်ယာဥ်များ ပုံမှန်အတိုင်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ မိုးများအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ကျိုင်းတုံ-မိုင်းဖြတ်ကြား ပြည်ထောင်စုလမ်းမကြီးပေါ် မိုင်တိုင်အမှတ် (၆၉၂)ကီလိုမီတာနှင့် (၆၉၃)ကီလိုမီတာကြားတွင် တောင်ပြို၍ လမ်းသားပဲ့ကျခြင်း၊ (၇၀၀)ကီလိုမီတာနှင့် (၇၀၁) ကီလိုမီတာကြားတွင် လမ်းသားများပဲ့ကျခြင်း၊တောင်ပြိုလမ်းပိတ်စို့မှုများ ဖြစ်ပေါ်ခဲ့သည်။
အလားတူ မိုင်းဖြတ်-တာချီလိတ်ကြား ပြည်ထောင်စုလမ်းမကြီးပေါ် မြေနိမ့်ပိုင်းများတွင် နမ့်လုံချောင်းရေ ဝင်ရောက်ခဲ့ပြီး ကားလမ်းများရေကျော်မှုများ ဖြစ်ပွားခဲ့သည့်အတွက် လမ်းပန်းဆက်သွယ်ရေးများ ယာယီပြတ်တောက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်များကြောင့် ခရီးသွားကြန့်ကြာမှုမရှိစေရေးအတွက် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် တာဝန်ရှိသူများ၏ ကြီးကြပ်မှုများဖြင့် မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးဇော်ကိုကိုအောင်နှင့် ဝန်ထမ်းများ၊ သော်တာဝင်းကုမ္ပဏီတို့က မြေသားများဖယ်ရှားခြင်း၊ လမ်းများပြုပြင်ခြင်း၊ တင်ကျန်ခဲ့သည့်နုန်းများ ဖယ်ရှားခဲ့သည့်အတွက် စက်တင်ဘာ ၁၄ ရက်နေ့မှစ၍ မော်တော်ဆိုင်ကယ်များ၊ ကားငယ်များကို ပုံမှန်အတိုင်း ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)