ဇေယျာသီရိ စက်တင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ဇေယျာသီရိမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဦးက သန်းခေါင်စာရင်းဆိုင်ရာလုပ်ငန်းကိစ္စရပ်များကို ရှင်းလင်းပြောကြားရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား အရည်အသွေးကောင်းမွန်သော သန်းခေါင်စာရင်းဖြစ်စေရန်အတွက် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၀၇) ဦးတက်ရောက်သင်ကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေဦးစီးမှူး ဦးအောင်ခိုင်ဆွေက မြန်မာ့သန်းခေါင်စာရင်း သမိုင်းကြောင်း၊ ကောက်ယူခဲ့သည့်သန်းခေါင်စာရင်းများ အကြောင်းကို စတင်မိတ်ဆက်သင်ကြားခဲ့ပြီး သင်တန်းတွင် လူဦးရေဆိုင်ရာ အချက်အလက်များ၊ ပြည်တွင်းရွှေ့ပြောင်းသွားလာခြင်း အကြောင်းအရာ၊ ပညာရေးအကြောင်းအရာများ၊ လုပ်သားအင်အားအကြောင်းအရာ၊ မွေးဖွားခြင်းအကြောင်းအရာ၊ မသန်စွမ်းမှု အကြောင်းအရာ၊ ပြည်ပရွှေ့ပြောင်း သွားလာခြင်းအကြောင်းအရာ၊ အိမ်အကြောင်းအရာ၊ သေဆုံးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင် သေဆုံးခြင်းအကြောင်းအရာ စသည့်ခေါင်းစဉ်များဖြင့် သင်တန်းနည်းပြများက စက်တင်ဘာလ (၁၇) ရက်နေ့မှ (၂၈) ရက်နေ့ထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)