ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ပုဗ္ဗသီရိ စက်တင်ဘာ ၁၇

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာအောင်ကိုဦး (UMK) ရေးသားသော "လူငယ်တွေကို လမ်းဖွင့်ပေးပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးမှ လူငယ်များအား စာပေဖတ်ရှု့ရာမှ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အတွေးအခေါ်များ ရင့်သန်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ လစဉ်ပြုလုပ်ပေးလျက်ရှိရာ၊ အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ စိန်ဝင်းနွယ်က လူတစ်ယောက်ရဲ့ အားနည်းချက်ကို အကောင်းဆုံးအသုံးချနိုင်ရင် အကြီးမားဆုံးအားသာချက်ဖြစ်ကြောင်း၊ စာရေးဆရာ ရဲမွန်ကျော်က လူငယ်ဆိုတာ တက်ကြွတယ်၊ လန်းဆန်းတယ်၊ အားအင်ရှိတယ်၊ မျှော်လင့်ချက်ရှိတယ်၊လူတိုင်းလူတိုင်း အသက်မွေးဝမ်းကြောင်းတွေကိုယ်စီမှာ သူ့နေရာနှင့်သူ တန်းဖိုးရှိကြကြောင်း၊  စာရေးဆရာမ ချယ်ချယ်(YU)က ကိုယ်စိတ်နှစ်ဖြာအောင်မြင်စေရေးအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးဆိုင်ရာ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အချက်(၄)ချက်တို့ဖြင့် ဟန်ချက်ညီမျှဖို့ လိုအပ်ပါကြောင်းတို့ကို အသီးသီးဆွေးနွေးခဲ့ကြပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ လစဉ်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)