ဗိုလ်တထောင် စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီက သာကေတမြို့နယ် ဇိနမာန်အောင် ဘုရားဝင်းအတွင်းရှိ ဝိမုတ္တိသုခ ဓမ္မဗိမာန်တော်တွင် ကျင်းပရာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် ကော်မတီဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးများ ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဗိုလ်တထောင်ခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ထို့နောက် ဗိုလ်တထောင်ခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်က ခရိုင်အဆင့် နည်းပြခန့်အပ်လွှာအား ပေးအပ်ရာ ခရိုင်အဆင့်နည်းပြ သင်တန်းသားခေါင်းဆောင်မှ လက်ခံရယူပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြကြောင်း သိရသည်။
အဆိုပါ ခရိုင်အဆင့် သန်းခေါင်းစာရင်း နည်းပြသင်တန်းကို စက်တင်ဘာ ၃ ရက်မှ ၁၄ ရက်အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး ဗိုလ်တထောင်ခရိုင်အတွင်းရှိ (၅)မြို့နယ်ဖြစ်သော ဗိုလ်တထောင်မြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန်မြို့နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၆) ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။
ခင်ဝင်း(ပြန်/ဆက်)