တာချီလိတ်မြို့၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ

တာချီလိတ် စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို မကာဟိုခမ်းရပ်ကွက် အောင်မြတ်ခန်းမတွင် စက်တင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ ခေတ္တစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်းက စက်တင်ဘာလ ၉ ရက်နေ့မှစ၍ ယနေ့ အချိန်ထိ တာချီလိတ်မြို့အတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာမှ ကယ်ဆယ်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် လူမှုရေး အသင်းအဖွဲ့များက မိမိတို့ကဏ္ဍအလိုက် ရေကြီးရေလျှံမှုအတွင်း ရေဘေးသင့်ပြည်သူများ စားဝတ် နေရေးနှင့် နေရာချထားရေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို အသီးသီးဆွေးနွေးတင်ပြကြသည်။

အဆိုပါဆွေးနွေးပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ လုပ်ငန်းရှင်များနှင့် လူမှုရေးအဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန်၊ ရေးဘေးသင့် ပြည်သူများအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလွယ်တကူဆောင်ရွက်နိုင်ရန် Drones များတပ်ဆင်ရန်ကိစ္စ၊ ရေဘေးသင့်ပြည်သူများအား အလှူရှင်များလာရောက်လှူဒါန်းသည့် အစားအသောက်နှင့် အခြားလိုအပ်သည့် အသုံးအဆောင်များအား စနစ်တကျခွဲဝေသွားရန်ကိစ္စ၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)မှ ပြည်ထောင်စုလမ်းမှအတွင်း လူနှင့် ကုန်စည်များ သွားလာမှု လွယ်ကူစေရန် စီစဉ်ဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးခဲ့သည်။   

ထို့နောက်ပြန်လည်ထူထောင်ရေးကဏ္ဍတွင် စည်ပင်ဝန်ထမ်း၊ အင်ဂျင်နီယာများနှင့် သက်ဆိုင်ရာ ဌာနများက ဦးစားပေးအဆင့်အလိုက် ပူးပေါင်းဆောင်ရွက်ရန်၊ လျှပ်စစ်မီး၊ ရေနှင့် ဆက်သွယ်ရေးများ အမြန်ဆုံးပြန်လည်ရရှိရန်၊ အလှူရှင်များလှူဒါန်းသော အလှူငွေများအား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေများထားရှိရန် စသည့်များကို ကဏ္ဍလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း