ဒဂုံတောင် စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်)မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီက (၁၀၅)ရပ်ကွက်ရှိ အစိုးရနည်းပညာကောလိပ်တွင် ကျင်းပရာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုနှင့် ကော်မတီဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးများ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဒဂုံမြို့သစ်ခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုက သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ထို့နောက် ဒဂုံမြို့သစ်ခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုနှင့် တက်ရောက်လာကြသော တာဝန်ရှိသူများက ခရိုင်အဆင့် နည်းပြခန့်အပ်လွှာများကို ခရိုင်အဆင့် နည်းပြသင်တန်း ခေါင်းဆောင်များအား ပေးအပ်ရာ ခရိုင်အလိုက် သင်တန်းသားခေါင်းဆောင်များက လက်ခံရယူကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြကြောင်း သိရသည်။
အဆိုပါ ခရိုင်အဆင့် သန်းခေါင်းစာရင်း နည်းပြသင်တန်းကို စက်တင်ဘာ ၃ ရက်မှ ၁၄ ရက်အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ (၄)မြို့နယ်ဖြစ်သော ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၂) ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။
နေမျိုးအောင်(ပြန်/ဆက်)