မန္တလေးမြို့၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မန္တလေး စက်တင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မြန်မာနိုင်ငံဆရာဝန်အသင်း မြနန္ဒာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ မန္တလေးပညာရေးဒီဂရီကောလိပ် ကြက်ခြေနီအသင်း(ခွဲ) လူငယ် ကြက်ခြေနီမောင်မယ်များက “ပြည်သူ့အတွက်ကြက်ခြေနီ” သီချင်းဖြင့် ဖျော်ဖြေခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးမှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပေးပို့သော “ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့” သဝဏ်လွှာကို တာဝန်ရှိသူတစ်ဦးမှ ဖတ်ကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ကြက်ခြေနီအသင်း(ခွဲ)ငယ်မှ လူငယ်ကြက်ခြေနီမောင်မယ်များမှ ပတ်တီးစည်းနည်းစွမ်းရည် သရုပ်ပြသခဲ့ပြီး မန္တလေးအစိုးရနည်းပညာကောလိပ်နှင့် မန္တလေးပညာရေးဒီဂရီကောလိပ်တို့မှ ကြက်ခြေနီလူငယ်များမှ ရှေးဦးပြုစုခြင်း သရုပ်ပြသစွမ်းရည်များကို ပြသခဲ့ကြသည်။ ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပြုလုပ်သော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်ပြိုင်ပွဲတွင် ရှေးဦးပြုစုခြင်းသင်တန်း အကြိမ်ရေအများဆုံးဖွင့်လှစ်နိုင်သည့် ပထမဆု ရရှိခဲ့သော ပြင်ဦးလွင်မြို့နယ်အား မန္တလေးတိုင်း ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ထပ်ဆင့်ဂုဏ်ပြုဆုနှင့် အခြေခံအသက်ကယ်နှိုးဆွနည်းဖြင့် ကလေးငယ်၏အသက်အား ကယ်တင်ခဲ့သော စေတနာ့လုပ်အားရှင်တို့အား လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက ချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဒေါက်တာခင်မောင်ကျော်က ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနားသို့ ရှေးဦးပြုစုခြင်းစွမ်းရည်များ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ပြင်ဦးလွင်မြို့နယ်မှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များနှင့် မဟာအောင်မြေမြို့နယ်မှ ကလေးငယ်၏ အသက်အား ကယ်တင်ခဲ့သည့် ကြက်ခြေနီစေတနာ့လုပ်အားရှင်တို့အား ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် အခမ်းအနားတွင် အဖွင့်သီချင်းနှင့် ရှေးဦးပြုစုခြင်း သရုပ်ပြစွမ်းရည်ပြသခဲ့သည့် ကြက်ခြေနီမောင်မယ်များအား မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်မှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီသို့ အလှူငွေကျပ်(၁၀)သိန်း လှူဒါန်းခဲ့သည့် မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဋ္ဌ ဒေါ်မြသွေးရည်အား ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့သည်။ ထို့နောက် မန္တလေးပညာရေးဒီဂရီကောလိပ် ကြက်ခြေနီအသင်း(ခွဲ) လူငယ်ကြက်ခြေနီမောင်မယ်များက “နှလုံးလှသူတို့ဂရုဏာလမ်း” သီချင်းကို သီဆိုဖျော်ဖြေခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ တက္ကသိုလ်ဒီကရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)