သုံးခွမြို့နယ် အ.ထ.က(ခွဲ) သိုက်တူးကန်ကျေးရွာတွင် လူငယ်စကားဝိုင်း ကျင်းပ

သုံးခွ စက်တင်ဘာ ၁၄

“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့် စကားအတိုင်း နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို သိုက်တူးကန်ကျေးရွာ အ.ထ.က(ခွဲ)ကျောင်း ခန်းမ၌ ယမန်နေ့နံနက်၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် သိုက်တူးကန်ကျေးရွာ အ.ထ.က(ခွဲ)ကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ညွှန့်ညွှန့်အေးက အမှာစကားပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားရာတွင် “လူငယ်တွေအနေနဲ့ ဒီစကားဝိုင်းကနေ အသိဉာဏ်ပညာဗဟုသုတတွေ ပိုမိုရရှိစေရန်၊ စကားပြောစွမ်းရည် မြင့်မားလာပြီး လူအများရှေ့တွင်ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ ပြိုင်ပွဲတိုင်း ပါဝင်ယှဥ်ပြိုင်သည့် အလေ့အကျင့်များရရှိစေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာများဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများတိုးပွားပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက (မော်နီရိတ်တာ) စေ့ဆပ်ညှိနှိုင်း ဦးဆောင်ဆောင်ရွက်ခဲ့ပြီး သိုက်တူးကန်ကျေးရွာ အ.ထ.က(ခွဲ) ကျောင်းမှ ကျောင်းသား/ သူလေးများဖြစ်သည့် G-11 ကျောင်းသူ မသရဖီဇူးဇူးအောင်က လူငယ်နှင့်စာပေ၊ G-11 ကျောင်းသား မောင်ဇင်မင်းလတ်က လူငယ်နှင့်မူးယစ်ဆေး၊ G-11 ကျောင်းသူ မစုမြတ်မိုးက လူငယ်နှင့်ယဥ်ကျေးမှု၊ G-11 ကျောင်းသူ မအိပိုပိုမောင်က လူငယ်နှင့်ရည်မှန်းချက်၊ G-11 ကျောင်းသား မလေးနွယ်ဦးက လူငယ်နှင့်ပညာရေး စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား/ သူလေးများက ဆွေးနွေးခဲ့သည့် ခေါင်းစဥ်များအလိုက် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြား‌ပေးခဲ့ကြောင်း သိရသည်။ လူငယ်စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ဗဟုသုတရဖွယ် သုတ၊ ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအား ဆရာ/ ဆရာမများ ကျောင်းသား/ သူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

စည်သူလင်း