တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုနှင့်မြေပြိုမှု ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တာချီလိတ် စက်တင်ဘာ ၁၄

တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုနှင့်မြေပြိုမှု ကူညီကယ်ဆယ်ရေးလုပ်ငန်း၊ လျှပ်စစ်မီး၊ မြို့ရေပေးဝေရေး၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ အမြန်ဆုံးရရှိအောင်ဆောင်ရွက်ပေးနိုင်ရေးနှင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက အောင်မြတ်ခန်းမတွင် ကျင်းပသည်။

ဦးစွာ ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုက ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေမှုနှင့် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ အစားအစာများ ထောက်ပံ့ပေးနေမှု၊ ထိခိုက်ဒဏ်ရာရရှိသူများအား လိုအပ်သည့်ဆေးဝါးများ ကုသဆောင်ရွက်ပေးနေမှု၊ လျှပ်စစ်မီး၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့မှုကြောင့် ဆက်သွယ်ရေးစက်နှင့် ကယ်ဆယ်ရေးလှေလိုအပ်မှုအား ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ပျက်စီးဆုံးရှုံးမှုစာရင်း ရရှိနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိမှုတို့ကိုလည်းကောင်း၊ နယ်မြေခံတပ်နယ်မှ ယာယီဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်းက ရေကြီးရေလျှံမှုနှင့်မြေပြိုမှုအတွင်း တွေ့ကြုံခဲ့ရသည့် အားနည်းချက်၊ အားသာချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်က ရေကြီးရေလျှံမှုကာလအတွင်း လျှပ်စစ်မီးပြတ်တောက်မှုနှင့် ဦးစားပေးဏ္ဍအလိုက် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးနေမှု၊ မြို့ရေပေးဝေရေးကော်မတီဥက္ကဋ္ဌ ဦးလောတာက မြို့ရေပေးဝေရေးပိုက်လိုင်းများ ပျက်စီးနေမှုနှင့် သုံးရက်အတွင်း ရေပြန်လည်ပေးဝေနိုင်ရေး ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြပြီး အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးနေမှု၊ ဘေးသင့်ပြည်သူများအတွက် အစားအစာ၊ ဆေးဝါးနှင့် အဝတ်အထည်များ လိုအပ်မှုအပေါ် ကူညီဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် ပျက်စီးသွားသည့် လမ်း၊ တံတားများအား ယာယီသွားလာနိုင်ရေးနှင့် အမြန်ပြန်လည်ပြုပြင်နိုင်ရေး၊ ရေကျသွားသည့်နေရာများတွင် တင်ကျန်ရစ်သော ရွှံ့နွံနှင့် အမှိုက်သရိုက်များအား ရှင်းလင်းရန် စက်ယန္တရား၊ ယာဉ်နှင့် စက်သုံးဆီလိုအပ်မှုတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုက ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် ကော်မတီများဖွဲ့စည်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းဇော်(ပြန်/ဆက်)