တောင်ငူ စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မြေနိမ့်ပိုင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိပြီး မြစ်ရေများဝင်ရောက်လျက် ရှိသောကြောင့် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် အဆိုပါကယ်ဆယ်ရေးစခန်းများနှင့် ရေတာရှည်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တွေ့ဆုံအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် တောင်ငူခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲမှုအဖွဲ့ရုံးဖွင့်လှစ်ထားသည့် သာသနာ့ ဗိမာန်တော်ကြီး၌ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေမှု၊ ရေဘေးရှောင်စခန်းများ စီမံ ဆောင်ရွက်ထားမှုနှင့် ရေဘေးသင့်ပြည်သူများအတွင် ဆန်၊ဆီ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများ စီစဥ်ဆောင်ရွက်နေမှုများကို လမ်းညွှန်ဆွေးနွေးပြောကြားပြီး လိုအပ်သည်များဆောင်ရွက်ပေးသည်။
ထို့နောက် တောင်ငူဒေသခံစီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ငွေကျပ်သိန်း (၄၆၂)သိန်းကို ပေးအပ်လှူဒါန်းရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကြည်သိုက်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် စစ်တောင်းတံတား ပေါ်မှ စစ်တောင်းမြစ်ရေစိုးရိမ်ရေအမှတ်ထက်မြင့်တက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အ.ထ.က (၆)ရေဘေးရှောင်စခန်းတွင် ရေသန့်စက်ဖြင့် သောက်သုံးရေဖြန့်ဖြူးပေးနေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဆောင်ရွက်ပေးသည်။ ထို့နောက် တောင်ငူမြို့နယ်မှ အထက (၆)၊ အထက (၂)နှင့် ရေတာရှည်မြို့နယ်မှ အောင်သစ္စာဘုန်းတော်ကြီးကျောင်း၊ ရွှေဝက်တိုးဘုန်းတော်ကြီးကျောင်းရှိ ရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးစကားပြောကြားပြီးဆန်၊ဆီ၊ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
ဇော်ကိုကို (တောင်ငူ)