ဘားအံ စက်တင်ဘာ ၁၄
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သဘောပေါက်ပြီး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်၁၀နာရီက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း ရွှေရတုခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဘားအံခရိုင် ဦးစီးမှူး ဦးမင်းနောင်က နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းများအတွက် ခိုင်လုံသော အခြေခံအချက်အလက်များဖြစ်သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် အချက်အလက်များ တိကျမှန်ကန်စွာရရှိရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရေး သန်းခေါင်စာရင်း၏အဓိပ္ပါယ်၊ ရည်ရွယ်ချက်၊ သန်းခေါင်စာရင်းကောက်ယူမည့်အချိန်ကာလ၊ နည်းလမ်း၊ သန်းခေါင်စာရင်းတွင် အသုံးပြုမည့်မေးခွန်းပုံစံ၊ သန်းခေါင်စာရင်းကောက်ယူမည့်သူများနှင့် မကောက်ရမည့်သူများ၊ မှန်ကန်စွာဖြေဆိုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ ဖြေကြားသည့်အချက်အလက်များ လုံခြုံစိတ်ချရမှုနှင့် အကာအကွယ်ပေးသည့် ဥပဒေပြဋ္ဌာန်းထားမှုအပါအဝင် သန်းခေါင်စာရင်းကောက်ယူခြင်းဖြင့် ရရှိလာနိုင်မည့်အကျိုးကျေးဇူးများကို ဆွေးနွေးဟောပြောသည်။
အဆိုပါ ဟောပြောပွဲသို့ ဘားအံမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ စုစုပေါင်းအင်အား(၂၀၀)ကျော် တက်ရောက်ခဲ့ကြပြီး သန်းခေါင်စာရင်းဆိုင်ရာ အမေးအဖြေများဖြင့် ဆွေးနွေးဟောပြောခဲ့ရာ ဖြေဆိုသူများအား သန်းခေါင်စာရင်းဦးထုပ်၊ တီရှပ်နှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်နေ့ မှ ၁၅ ရက်နေ့ထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီများက အသိပညာပေးဟောပြောပွဲများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ၊ လူစည်ကားရာနေရာနှင့် လမ်းဆုံလမ်းဂွများတွင် လူထုအသိပညာပေးလှုံဆော်ရေး မြေစိုက်ပိုစတာစိုက်ထူခြင်းများ စသည့် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)