ပြင်ဉီးလွင် စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကမ္ဘာ့လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့ (၂၀၂၄) အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်း ၁၁ နာရီက ပြင်ဦးလွင်မြို့၊ ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာဆေးရုံကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးမှလူ နာများဘေးကင်းလုံခြုံရေးကို အလေးထားဦးစားပေးဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ်မှ စတင်ကာ စက်တင်ဘာ (၁၇)ရက်ကို ကမ္ဘာ့လူနာဘေးကင်းလုံခြုံမှုဆိုင်ရာအထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ပြီးဆေးကုသမှုများမှာ မူလကတည်းက ရှုပ်ထွေးသည့် သဘောတရားရှိပြီး အမှားအယွင်းများ ဖြစ်ပေါ်နိုင်သည့် အခြေအနေများဖြစ်သည့်အပြင် ယခုခေတ်ကာလတွင် ရောဂါများ ပိုမိုရှုပ်ထွေးလာခြင်းနှင့်အတူ ဆေးကုသမှုများကလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာနေခြင်းကြောင့် အမှားအယွင်းနည်းအောင် ပိုမိုသတိပြုဆင်ခြင်ရမှာဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် တားဆီးနိုင်သော မလိုလားအပ်သည့် ဘေးအန္တရာယ်များ မဖြစ်ပွားစေရန်နှင့် လျော့နည်းနိုင်သမျှ လျော့နည်းစေရန် အကောင်အထည်ဖော်လိုက်နာဆောင်ရွက်ကြရမှာ ဖြစ်ပါသဖြင့် လူနာများဘေးကင်းလုံခြုံနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများ၊ နှီးနွယ်ဌာနဆိုင်ရာများနှင့် လူနာများအားလုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိမှ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ ဓာတ်မှန်အထူးကုဆရာဝန်ကြီး ဒေါက်တာဇာနီလွင်မှ ရောဂါရှာဖွေခြင်းလုပ်ငန်းများ တိုးတက်လာမှုအခြေအနေနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကမ္ဘာ့လူနာဘေးကင်းလုံခြုံမှုဆိုင်ရာအထိမ်းအမှတ်နေ့ မှတ်တမ်းဗွီဒီယိုအား ပြသ၍ World Patient Safety Day (2024) အခမ်းအနားအား ကိတ်ခွဲ၍ ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)