ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ပုဗ္ဗသီရိ စက်တင်ဘာ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်၊ ဓမ္မာရုံ၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၉ ရက်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ အသိပညာပေးဟောပြောရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ် လ.ဝ.ကမှူး ဦးကျော်မြင့်နှင့် လ.ဝ.ကမှူး ဦးဘုန်းဟန်တို့က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း (၁၅)ရက်ကြာ တစ်နိုင်ငံလုံးတွင် သန်းခေါင်စာရင်းကို နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေအိမ်သို့ လာရောက်စာရင်းကောက်ယူမည်ဖြစ်ကြောင်းနှင့် ကြိုတင်၍အကြောင်းကြားပေးမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းသည် အိမ်ထောင်စုစာရင်း ပုံစံ(၆၆/၆) သို့မဟုတ် ပုံစံ(၁၀) ရှိခြင်း/မရှိခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိခြင်း/မရှိခြင်းနှင့် မသက်ဆိုင်ကြောင်း၊ တိုင်းရင်းသားဖြစ်ခြင်း/မဖြစ်ခြင်း၊ နိုင်ငံသားဖြစ်ခြင်း/မဖြစ်ခြင်းနှင့် မသက်ဆိုင်ကြောင်း၊ သန်းခေါင်စာရင်း ထည့်မကောက်ရမည့်သူများမှအပ သန်းခေါင်စာရင်း ရည်ညွှန်းချိန်အတွင်း မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိနေသူအားလုံးကို စာရင်းကောက်ယူမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းအားဖြင့် သိရှိရသော ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ အခွန်ကောက်ခံခြင်း၊ အရေးယူခြင်းတို့ကို လုံးဝ(လုံးဝ) ပြုလုပ်မည်မဟုတ်ကြောင်း၊ သန်းခေါင်စာရင်းမေးခွန်းတွင် မေးမြန်းထားသော နိုင်ငံခြားသို့ရောက်ရှိနေကြသော အိမ်ထောင်စုဝင်များအတွက်လည်း စိုးရိမ်ရန်မလိုပါကြောင်း၊ မည်သို့မျှအရေးယူမည်မဟုတ်ကြောင်း ရှင်းလင်းဟောပြောခဲ့သည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အသိပညာပေးဟောပြောပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ် လ.ဝ.ကမှူး ဦးကျော်မြင့်ပါ ဝန်ထမ်း(၃)ဦး၊‌ တပင်ရွှေထီးရပ်ကွက်မှ မိဘပြည်သူ(၇၅)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ တက်ရောက်ခဲ့ရာ တက်ရောက်လာသော မိဘပြည်သူများအား ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)