ကချင်ပြည်နယ်ဝန်ကြီးချုပ် YFT မိုးရာသီအလွတ်တန်းကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား စက်တင်ဘာ ၁၀

ကချင်ပြည်နယ်အတွင်း ဖူဆယ်အားကစားတိုးတက်မြင့်မားရေး၊ မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွန်းလာ‌ရေးအတွက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဘောလုံးအဖွဲ့ချုပ်၊ ပြည်နယ်ဖူဆယ်ဆပ်ကော်မတီနှင့် YFT ဖူဆယ်ဘောလုံးကလပ်တို့ ပူးပေါင်းကျင်းပသည့် YFT မိုးရာသီအလွတ်တန်း ကလပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ သီတာရပ်ကွက် ငြိမ်းချမ်းသာယာအားကစားရပ်ဝန်း အတွင်းရှိ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ မိုးရာသီအမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ ကလပ်ပေါင်းစုံမှ အသင်းပေါင်း ၃၃ သင်းဖြင့် စက်တင်ဘာ ၄ ရက်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် ရှိန်း United FC အသင်းနှင့် Infinity FC အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖူဆယ်ဘောလုံးအားကစားဝါသနာရှင်ပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြရာ ရှိန်း United FC အသင်းက ၁၀ ဂိုး ၇ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးလအောင်က ပြိုင်ပွဲဝင် ဖူဆယ်အသင်းများအနက် အတိုးတက်ဆုံးအသင်းဆုကိုလည်းကောင်း၊ YFT ဖူဆယ်ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းက အကောင်းဆုံးနည်းပြဆုရရှိသူအားလည်းကောင်း၊ YFT ဖူဆယ်ကလပ်အသင်းပိုင်ရှင်က ပြိုင်ပွဲဝင်ဖူဆယ်အားကစားသမားများအနက် အတိုးတက်ဆုံးကစားသမားဆုကိုလည်းကောင်း၊ ပြည်နယ်ဖူဆယ်ဆပ်ကော်မတီဥက္ကဋ္ဌ ဦးဂျပ်မွန်းအောင်က အကောင်းဆုံးဂိုးသမားဆုရရှိသူအားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အကောင်းဆုံးကစားသမားဆုရရှိသူအားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ အသင်းလိုက်ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက စတုတ္ထဆုရအသင်းအားလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က တတိယဆုရအသင်းအားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဒုတိယဆုရအသင်းအား လည်းကောင်း တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရ ရှိန်း United FC အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုဖလားတို့ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)