မြစ်ကြီးနား စက်တင်ဘာ ၉
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သော လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းပေးခဲ့သော အမှိုက်သိမ်းယာဉ်များအား မြို့ပေါ်ရပ်ကွက်များသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားမြို့သည် ပြည်နယ်၏ မြို့တော်ဖြစ်သည်နှင့်အညီ တစ်နှစ်ထက်တစ်နှစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး မြို့နေလူဦးရေ တိုးတက်များပြားခြင်း၊ လူနေတိုက်တာအဆောက်အဦများ တိုးတက်ဆောက်လုပ်လာခြင်းကြောင့် မြို့ပြသန့်ရှင်းရေးလုပ်ငန်းသည် အထူးဦးစားပေးဆောင်ရွက်ရန် လိုအပ်လာသဖြင့် မိမိတို့အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် စည်ပင်သာယာရေးအဖွဲ့များဖြင့် ဆောင်ရွက်ခြင်းထက် အများပြည်သူပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ ဝယ်ယူဖြည့်တင်းပေးသည့် အမှိုက်သိမ်းယာဉ်များကို လူဦးရေများပြားသော ရပ်ကွက်(၁၀)ရပ်ကွက်သို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့ အမှိုက်သိမ်းယာဉ်များ လွှဲပြောင်းလက်ခံရယူသည့် ရပ်ကွက်သန့်ရှင်းသာယာလှပရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနေဖြင့် ရေရှည်ကြံ့ခိုင်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့ကို အထူးအလေးထား ဆောင်ရွက်ကြရန်နှင့် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက မြို့သန့် ရှင်းသာယာလှပရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအစဉ်များ၊ နေ့စဉ် အမှိုက်သိမ်းယာဉ်များဖြင့် ရပ်ကွက်အလိုက် လှည့်လည်သိမ်းဆည်းလျက်ရှိသည့် လုပ်ငန်းများနှင့် အမှိုက်သိမ်းယာဉ်လိုအပ်ချက်အပေါ် ပြည်နယ်အစိုးရအဖွဲ့က ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှုကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မြို့သန့််ရှင်းသာယာလှပရေးအတွက် စည်ပင်၊ ပြည်သူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဝယ်ယူဖြည့်တင်းပေးခဲ့သော Dump Truck အမှိုက်သိမ်းယာဉ် (၄)စီး၊ အင်ဂျင်ပါဝါ (၃၀၀ စီစီ)ရှိ သုံးဘီးအမှိုက်သိမ်းယာဉ် (၉)စီးတို့ကို မြို့ပေါ်ရပ်ကွက်များအနက် လူဦးရေများပြားသည့် တပ်ကုန်း၊ စီတာပူ၊ မြို့သစ်ကြီး၊ ရမ်ပူ၊ လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရွှေစက်၊ မန်ခိန်၊ ဧရာနှင့် သီတာ စသည့်ရပ်ကွက် (၁၀) ရပ်ကွက်မှ ရပ်ကွက်သန့်ရှင်းသာယာလှပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြသည်။
ထို့နောက် စီတာပူရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝါဘော်ဆိုင်းနော်က မြို့သန့်ရှင်းသာယာ လှပရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်အလိုက် ပူးပေါင်းပါဝင်ခြင်းအားဖြင့် မြို့သန့်ရှင်းသာယာလှပရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း နိဂုံးချုပ်အမှာစကားပြော ကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရပ်ကွက်သန့်ရှင်းသာယာလှပရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည့် အမှိုက်သိမ်းယာဉ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့သည် အကျယ်အဝန်းဧရိယာ (၄၁ ဒဿမ ၅၀) စတုရန်းမိုင် ကျယ်ဝန်းကာ မြို့ပေါ်ရပ်ကွက် (၂၈)ရပ်ကွက်၊ အိမ်ခြေ (၄၃၁၈၄) အိမ်၊ လူဦးရေ (၂၂၁၄၁၈)ဦးတို့ နေထိုင်လျက်ရှိပြီး တစ်ရက်လျှင် စွန့်ပစ်အမှိုက်တန်ချိန် (၁၅၆)တန်ကို စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ် (၁၆)စီးဖြင့် လှည့်လည်သိမ်းဆည်းဆောင်ရွက်လျက်ရှိရာ နေ့စဉ် စွန့်ပစ်အမှိုက် ပမာဏနှင့် သိမ်းဆည်းပေးနိုင်သည့်ပမာဏမှာ လုံလောက်မျှတမှုမရှိတော့သည့်အတွက် ယနေ့အခမ်းအနားတွင် ပြည်နယ်ရန်ပုံငွေဖြင့် အမှိုက်သိမ်းယာဉ်သစ်များကို ဝယ်ယူဖြည့်တင်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ပြည်နယ်ပြည်/ဆက်