ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ သင်္ဘောလွန်းကျင်းအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်လံစစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင်လည်း မြို့နယ်အတွင်း ဆမားဒူးဝါးရပ်ကွက်ရှိ ထွန်းလင်းအောင် သင်္ဘောလွန်းကျင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးမှူး ဦးစောမောင်သန်း ဦးဆောင်၍ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက လွန်းကျင်းတာဝန်ရှိသူများနှင့် သင်္ဘောလွန်းကျင်းအတွင်း လျှပ်စစ်မီးသွယ်တန်းသုံးစွဲနေမှု အခြေအနေများ၊ မီးသတ်ရေလှောင်ကန်၊ မီးငြိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများထားရှိ ဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး၊ မီးစနစ်တကျဂရုပြုသုံးစွဲရေး၊ လွန်းကျင်းမှထွက်ရှိသည့် အမှိုက်နှင့် လောင်စာများအား စနစ်တကျစွန့်ပစ်ရေး၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားရေး အသိပေးပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ လွန်းကျင်းလုပ်သားများအား မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လွယ်ကူလျင်မြန်စွာ အရေးပေါ်မီးငြိမ်းသတ်နိုင်ရေးအတွက် အပေါ့စားမီးငြိမ်းသတ်စက်၊ မီးသတ်ဆေးဘူး၊ ရေတို့ဖြင့် မီးငြိမ်းသတ်ခြင်းအား လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဝေယံ (ပြန်/ဆက်)