ဘားအံ စက်တင်ဘာ ၉
လူသားတို့၏နေ့စဉ်ဘဝတွင် ကိုယ်နှင့်မကွာ တစ်ပါတည်းဆောင်ယူအသုံးပြုလျက်ရှိသော မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်း(အဆင့်မြင့်)ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)၌ ကျင်းပသည်။
အဆိုပါသင်တန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး အခြေခံမိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး အဆင့်မြင့်သင်တန်းသို့ ဆက်လက်တက်ရောက်ကြကာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယခင်မိုဘိုင်းဖုန်းသင်တန်းမှ သင်ကြားပို့ချပေးခဲ့သော သင်ခန်းစာများကို သေချာလေ့လာအသုံးချ၍ ယခုဖွင့်လှစ်သည့် အဆင့်မြင့်သင်တန်းတွင် မိမိတတ်မြောက်ထားသော ပညာရပ်များကို တစ်ဆင့်မြှင့်တင်ပေးနိုင်ရန် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ သင်ယူလေ့လာ အားထုတ်ကြစေလိုကြောင်း၊ သင်ကြားပေးမည့် အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများကို အသုံးချ၍ မိမိမိသားစု၊ ရပ်ရွာဒေသ၊ ပြည်နယ်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားအားထုတ် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သင်တန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်သင်ကြားပို့ချချက်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော်မတီဝင်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆင့်မြင့်မိုဘိုင်းဖုန်းသင်တန်း စာတွေ့လက်တွေ့ သင်ကြားပို့ချမှုများအား လှည့်လည်ကြည့်ရှုအားပေး၍ အဆိုပါကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ National Skill Standards Authority (NSSA) မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ပြဌာန်းရေးအဖွဲ့မှ Assessment Center ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနတွင် ပြည်နယ်အတွင်းရှိ လုပ်သား ၂၅ ဦးအား လျှပ်စစ်ကျွမ်းကျင်လုပ်သား(အဆောက်အဦ) အဆင့်-၁ စိစစ်အကဲဖြတ်နေမှုအား ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)