တောင်ကြီး စက်တင်ဘာ ၉
ယူနက်စကိုအဖွဲ့ချုပ်ကြီးက ကမ္ဘ့ာစာတတ်မြောက်ရေးကွန်ဂရက် စတင်ကျင်းပခဲ့သည့် စက်တက်ဘာလ (၈) ရက်နေ့ကို နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့ပြီး နိုင်ငံအသီးသီးတွင် အထိမ်းအမှတ်အခမ်းအနားများ နှစ်စဥ်ကျင်းပလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ၂၀၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "စာတတ်မြောက်ရေး ဝိုင်းကူပေး" သီချင်းဖြင့် ဂုဏ်ပြုသီဆို ဖွင့်လှစ်ပေးပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မြန်မာနိုင်ငံတွင် ၁၉၆၇ ခုနှစ်နှင့် ၁၉၆၈ ခုနှစ်အတွင်း သက်ကြီးစာမတတ်သူပပျောက်ရေး "အ" သုံးလုံးသင်တန်းများကို စေတနာ့ဝန်ထမ်းလူထုလှုပ်ရှားမှုဖြင့် တစ်နိုင်လုံး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းအနေဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်မှ မတ်လ(၂)ရက်နေ့အထိ တောင်ကြီးမြို့နယ်တွင် စာသင်ဝိုင်း (၁၅)ဝိုင်း၊ စာသင်သား (၁၄၁)ဦး၊ ဟိုပုံးမြို့နယ်တွင် စာသင်ဝိုင်း (၁၀)ဝိုင်း၊ စာသင်သား (၁၁၀)ဦး၊ ကလောမြို့နယ်တွင် စာသင်ဝိုင်း (၁၈)ဝိုင်း၊ စာသင်သား (၁၅၅)ဦး စုစုပေါင်းစာသင်ဝိုင်း (၄၃) ဝိုင်း၊ စာသင်သား (၄၀၆)ဦးဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနနှင့် ပြည်နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေးအခြေခံဖြစ်သည့် စာတတ်မြောက်ရေးလှုပ်ရှားမှုမှတစ်ဆင့် စာတတ်မြောက်ခြင်း၏ အကျိုးဆက်ဖြစ်သည့် ဆင်းရဲနွမ်းပါးမှုလျော့နည်းခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရရှိခြင်း၊ မိခင်နှင့်ကလေးသူငယ်များ ကျန်းမာရေးအသိများ တိုးပွားစေခြင်း၊ ခေတ်မီနည်းပညာရပ်များ ဆက်လက်ဆည်းပူးနိုင်ခြင်း၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိခြင်း စသည့် အခွင့်အလမ်းကောင်းများ ရရှိစေမှာဖြစ်၍ အားလုံး ဝိုင်းဝန်းကြိုးပမ်းကာ လူတိုင်း စာတတ်မြောက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးအနက်ထား ဆောင်ရွက်သွားကြရန် ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားသို့ ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ ပေးပို့သည့် သဝဏ်လွှာကို ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဆွေဝင်းက ဖတ်ကြားပြီး ၂၀၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ဆောင်ရွက်မှု (VIDEO CLIP) ပြသကာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "အနာဂတ်မျှော်တွေး စဥ်ဆက်ပညာရေး " သီချင်းဖြင့် ဂုဏ်ပြုသီဆို ဖျော်ဖြေပေးခဲ့ကြသည်။
ထို့နောက် ၂၀၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်အမျိုးသမီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ညိုမီစောက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးပြီး အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဂုဏ်ပြုဆုငွေများပေးအပ်၍ အခမ်းအနားတွင် သီဆိုဖျော်ဖြေပေးကြသော အမှတ်(၁)နှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုငွေများ ဆက်လက်ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင် ခင်းကျင်းပြသထားသည့် ပညာရေးပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)