မိုင်းဆတ်မြို့၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်လှစ်

မိုင်းဆတ် စက်တင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ရွှေဂျိုကာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စက်မှုလယ်ယာဦးစီးဌာန (ရှမ်းအရှေ့) ပြည်နယ်ဦးစီးမှူး ဦးရဲမင်းထွဋ်က သင်တန်းသားများအား စာတွေ့လက်တွေ့သင်ကြားပို့ချပေးမည့်အခြေအနေနှင့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်လှစ်သင်ကြားရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တာချီလိတ်မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးဝေဇာဖြိုးလွင်က သင်ထောက်ကူပစ္စည်းများ ပေးအပ်ရာ သင်တန်းသားတစ်ဦးက လက်ခံရယူ၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ စက်မှုလယ်ယာဦးစီးဌာန (ရှမ်းအရှေ့) ပြည်နယ်ဦးစီးမှူး ဦးရဲမင်းထွဋ်က သင်တန်းသားများအား လက်တွေ့သင်ကြားမည့် စက်အမျိုးအစားများကို လိုက်လံရှင်းလင်းပြသခဲ့ပြီး အဆိုပါသင်တန်းကို သင်တန်းသား (၃၀) ဦးဖြင့် စက်တင်ဘာလ (၉) ရက်နေ့မှ (၂၀) ရက်နေ့အထိ ရက်သတ္တပတ် နှစ်ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ စက်မှုလယ်ယာဦးစီးဌာန (ရှမ်းအရှေ့) ပြည်နယ်ဦးစီးမှူး ဦးရဲမင်းထွဋ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံးကျိုင်းတုံမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ မိုင်းဆတ်မြို့နယ် စက်မှုလယ်ယာဦးစီးမှူး ဦးသန်းဝင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြင့်မောင်(မိုင်းဆတ်)