ဆီဆိုင် စက်တင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးရေးစီမံကိန်းနှင့် ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်စေရေးရည်ရွယ်၍ မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်း ပညာသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဘုရားဖြူကျေးရွာရှိ ခန်းမ၌ ဖွင့်လှစ်သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်းက အမှာစကားပြောကြားခဲ့သည်။ သင်တန်းတွင် ဆီဆိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား(၁၀)ဦး တက်ရောက်ကြကာ မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာသင်တန်းကို စက်တင်ဘာလ (၉) ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့ထိ (၁) လကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး မွမ်းမံသင်တန်းအား အောက်တိုဘာလ (၂၂) ရက်နေ့မှ နိုဝင်ဘာလ (၁၁) ရက်နေ့ထိ (၁၅) ရက်ကြာ ထပ်မံသင်ကြားပို့ချသွားမည်ဖြစ်သည်။ သင်တန်းအတွင်းမှ အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅) ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒေသ ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ စီမံကိန်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသားများ တက်ရောက်ကြကြောင်း သိရသည်။
သူရ(ဆီဆိုင်)