နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၂ဝ၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနား တက်ရောက်၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂ဝ၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက ဇမ္ဗူသီရိမြို့နယ် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ပညာဗိမာန်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားကို ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက"စေတနာပန်းတို့ လန်းရာမြေ"တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး ဖွင့်လှစ်ကြ သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို နှစ်စဉ် စက်တင်ဘာလ(၈)ရက်နေ့ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင်းပကြပါကြောင်း၊ မြန်မာနိုင်ငံမှာလည်း ပညာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ယူနက်စကိုအမျိုးသားကော်မရှင်တို့က ကြီးမှူးပြီး နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ဆောင်ပုဒ်ကတော့  "အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးအတွက် စာတတ်မြောက်ရန် လိုအပ်လို့ ဘာသာစကားစုံ ပညာရေးကို မြှင့်တင်ကြပါစို့" ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ နိုင်ငံသားတိုင်း စာတတ်မြောက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မှာဖြစ်တယ်" ဆိုတဲ့ လမ်းညွှန်ချက်နှင့်အညီ ဒေသအလိုက် စာမတတ်သူများကို စာတတ်မြောက်စေဖို့အတွက် တာဝန်ရှိပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနဲ့ ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြဖို့လိုပါကြောင်း၊ ယနေ့ ၂၁ ရာစုကာလသည် ပညာခေတ်ဖြစ်သည်နှင့်အညီ အတတ်ပညာ၊ နည်းပညာ၊ အရင်းအနှီးတို့ဖြင့် လူ့ဘောင်သစ်ကို တည်ထောင်နေကြတာဖြစ်လို့ အရေး၊ အဖတ်၊ အတွက် အသုံးလုံးကျေရုံသာမက အဘက်ဘက်"မှ နှံ့စပ်သိမြင်ပညာရှင်များ ဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်အမှတ်(၄)ရဲ့ အားလုံးရည်မှန်းချက်များဖြစ်တဲ့ ၂ဝ၃ဝ ပြည့်နှစ်မှာ လူငယ်များ အမျိုးသား၊ အမျိုးသမီးများအပါအဝင် အရွယ်ရောက်သူများ အရေး၊ အဖတ်နဲ့ အတွက်၊ အချက် တတ်မြောက်စေရန်၊ ၂ဝ၃ဝ ပြည့်နှစ်မှာ သင်ယူသူအားလုံး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးနိုင်ရန်အတွက် လိုအပ်သည့် အသိပညာ၊ ကျွမ်းကျင်မှုများ သင်ယူရရှိနိုင်ရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အားပေးသည့် ပညာရေးမှ တစ်ဆင့် ရေရှည်တည်တံ့သော ဘဝနေထိုင်မှုပုံစံများ၊ လူ့အခွင့်အရေး၊ ကျား၊ မရေးရာ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေးနဲ့ အကြမ်းမဖက်ရေး၊ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသားဖြစ်မှု အလေ့အထများကို အားပေးမြှင့်တင်ရန်နှင့် မတူကွဲပြားသည့်ယဉ်ကျေးမှုများ၊ ထုံးတမ်းဓလေ့များရဲ့ အထောက်အကူပြုမှုတွေကို တန်ဖိုးထားရန် တို့အပြင် စာတတ်မြောက်ရေးလုပ်ငန်းရဲ့ အရေးပါမှုကို ပြည်သူတွေ ပိုမိုသိရှိနိုင်ရန်ရည်ရွယ်ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှာ ယခုလို စာတတ်မြောက်ရေးနေ့ အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ပညာရေးဖြင့် နိုင်ငံတော်တိုးတက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ဆောင်ရွက်နေတာဖြစ်လို့ တိုင်းရင်းသား ပြည်သူအားလုံးစာတတ်မြောက်ရန်လိုအပ်တဲ့အတွက် ကျေးလက်နေပြည်သူများ အပါအဝင် ပြည်သူတစ်ရပ်လုံးအကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူမှုမပြီးဆုံးမီ ရပ်တန့်ခဲ့ရတဲ့သူများ စာတတ်မြောက်ရေးအတွက် သင့်လျော်တဲ့ ပညာသင်ယူခွင့် တစ်ခုခုပြန်လည်ရရှိစေဖို့ ရည်ရွယ်ကာ စာမတတ်သူပပျောက်ရေးစီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်ပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်း၊ စဉ်ဆက်ပညာရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စာဖတ်ရှိန်မြှင့်တင်ပေးခြင်း၊ စာဖတ်ဝိုင်းများ အဆက်မပြတ် ဖွင့်လှစ်ပေးခြင်းဖြင့် စာမတတ်သူပပျောက်ရေး မှသည် စာမဖတ်သူပပျောက်ရေးအထိ တိုးချဲ့ဆောင်ရွက်နေတယ်ဆိုတာကို အသိပေးပြောကြား လိုပါကြောင်း၊ "စာမတတ်သူ တို့ဝိုင်းကူ၊ ပညာဒါနပေးလှူကြ ဟူသော ဆောင်ပုဒ်ကို လက်တွေ့ကျကျလုပ်ဆောင်သော လုပ်ငန်းတစ်ရပ်အဖြစ်သို့ မဖြစ်မနေ၊ မရမနေဆောင်ရွက်ဖြစ်အောင် ကျွန်ုပ်တို့အားလုံး စာမတတ်သူရော စာတတ်သူတို့ပါ  လူတိုင်းစာတတ်မြောက်ရေး၊ လူတိုင်းအရေး" အဖြစ် အမျိုးသားရေးတာဝန်တစ်ရပ် အနေနဲ့ အသိ၊ အမြင်၊ သဘောထားများ မှန်ကန်စွာထားရှိပြီး သမိုင်းပေးမွန်မြတ်တဲ့ စာတတ်မြောက်ရေးလုပ်ငန်းကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြရန် အမှန်တကယ်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို နေပြည်တော်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်က ဖတ်ကြားသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် (VIDEO CLIP) ပြသပြီး ပျဉ်းမနားမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက "စာတတ်မြောက်ရေး ဝိုင်းကူပေး" တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက် လှကလျာလမ်း လမ်းဘေးဝဲယာ မြက်ချုံရှင်းလင်းခြင်း၊ ရေမြောင်းဆယ်ယူခြင်းလုပ်ငန်းနှင့် ဇေယျာအောင်မြင်လမ်း၊ ဇေယျာအောင်မြေလမ်းနှင့် လှထိပ်ခေါင်လမ်း လမ်းဆုံ မြက်ချုံရှင်းလင်းခြင်း လုပ်ငန်းများအား နေပြည်တော်စည်ပင်သာယာရေးကော်မတီက လုပ်သားများဖြင့် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က မိုးရာသီဖြစ်၍ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ အမြဲမပြတ်ပုံမှန်ရှင်းလင်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူများသည် နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ)၊ မဟာဗောဓိစေတီတော် (ပွင့်စေတီတော်)ပရဝုဏ်အတွင်းရှိ ခေါင်းလောင်းများ ရောင်တော် ဖွင့်လှစ်နေမှု အခြေအနေများ၊ ဘုရားရင်ပြင်တော် ရေညှိတက်သည့်နေရာများ သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ဖွားစေတီတော်နှင့် ဟောစေတီတော်သွားရာ လမ်းဘေးဝဲ/ယာတစ်လျှောက် မြက်ချုံများ ရှင်းလင်းခြင်းလုပ်ငန်းများအား နေပြည်တော်စည်ပင်သာယာရေးကော်မတီလုပ်သားများဖြင့် ဆောင်ရွက်နေမှု အခြေအနေများကို  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် စက်စက်ယိုချောင်းမှ မိုးသည်းထန်စွာရွာသွန်းချိန်တွင် ဇဝနသိဒ္ဓိရပ်ကွက်၊ နှင်းဆီလမ်း အနီးတစ်ဝိုက်နှင့် ရတနာသိဒ္ဓိရပ်ကွက် ရေတာရှည်လမ်းတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် နောင်တွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည့် ကြိုတင်ကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)