တပ်ကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး (Book Club)အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ

တပ်ကုန်း စက်တင်ဘာ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေး ဆရာ သိုက်စိုးထွန်း(နတ်ရွာ)ရေးသားထားသည့် “သိတဲ့မြင်တဲ့အတိုင်း” စာအုပ်ကို ယနေ့မွန်းလွဲ ပိုင်းက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမတွင် ကျင်းပသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မူ-ပျဉ်းမနား)နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းဝင်းမြင့်(မြကျောက်အေးချမ်း)၊ ဒေါ်သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)၊ ဒေါ်မြသန္တာ(မြပုလဲ-တပ်ကုန်း)တို့က စာပေဝါသနာပါသူများနှင့်အတူ စာရေးဆရာ သိုက်စိုးထွန်း(နတ်ရွာ) ရေးသားထားသည့် “သိတဲ့မြင်တဲ့အတိုင်း” စာအုပ်တွင်ပါရှိသော ပြိုင်တူတွန်းကြပါစို့၊ လူငယ်နှင့်ဆက်ဆံရေး၊ မလုပ် မရှုပ်လမ်းစဉ်၊ သိတဲ့ မြင်တဲ့အတိုင်း၊ ကိုယ်တိုင်စစ်ဆေးကိုယ့်အရည်အသွေး၊ စာတတ်သူတိုင်းစာဖတ်ရေး အားလုံးပါဝင်ကူညီပေး၊ ပြည်ထောင်စုသားတိုင်းရဲ့တာဝန်စသည့်ခေါင်းစဉ်များ အပြန်အလှန်ဆွေးနွေးခဲ့ ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပြီး၊ တက်ရောက်လာသည့် စာပေဝါသနာပါသူများက ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေး၊ ကလေးများအတွက် အသိပညာပေးနံရံကပ်စာစောင်များ၊ သုတရသ စာအုပ်၊ စာစောင်များအား လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဒေါ်နော်မေစံပယ်ဖူး