နေပြည်တော် စက်တင်ဘာ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာရှင်းလင်းဆောင်တွင် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ အချိုးကျရောစပ်၍ စုပေါင်းကြဲပက်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကား ပြောကြားရာတွင် နေပြည်တော်တွင် စပါးအပါအဝင် အဓိကသီးနှံ(၁၀)မျိုးကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း အစရှိသည့် နည်းလမ်းလေးရပ်ကို စနစ်တကျ လက်တွေ့လိုက်နာ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲခြင်း၊ မြေများကို စနစ်တကျပြုပြင်ခြင်း၊ သတ်မှတ်သွင်းအားစုများ လုံလုံလောက်လောက် ထည့်သွင်းပေးခြင်း၊ စိုက်ပျိုးရေများကို စနစ်တကျသုံးစွဲခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်းတို့ကို လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးရေးကို ဆောင်ရွက် ကြစေလိုကြောင်း၊ ဆီထွက်သီးနှံများတိုးချဲ့ စိုက်ပျိုးစေလိုကြောင်း၊ နေပြည်တော်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် တောင်သူများက တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ဇမ္ဗူသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တောင်သူများက လက်ရှိစိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး တောင်သူများထံ သဘာဝဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ကွင်းအမှတ် ၁၆၅၉ ရှိ စိုက်ခင်းတွင် တောင်သူများနှင့်အတူ သဘာဝဓာတ်မြေသြဇာများ ကြဲပက်နေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်၌ ကျင်းပသည့် နေပြည်တော်အဆင့် ဝိနည်းဓိုရ် ဆင့်ပွားသင်တန်း အောင်ပွဲအခမ်းအနားသို့ တက်ရောက်ကြည်ညိုသည်။
အခမ်းအနားသို့ နေပြည်တော်တိုင်းသံဃာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့ သုခဝိဟာရပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တ မုနိကုမာရ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ပရိတ်သတ်များက နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ အကျိုးဆောင်၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တပညာသီရိ ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး၊ နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပျဉ်းမနားမြို့၊ သုခဝိဟာရပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ မုနိကုမာရ မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်တော်မှုရာ သင်တန်းသားသံဃာတော်များ ကိုယ်စား ပျဥ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် စာချနာယကဆရာတော်ဘဒ္ဒန္တ ကိတ္ထိသာရမှ လက်ခံရယူခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များထံ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများအား ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပျဉ်းနားမြို့၊ သုခဝိဟာရပရိယ်ယတိ စာသင်တိုက် ပဓာနနာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ မုနိကုမာရ မထေရ်မြတ်က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်တော်မူရာ အလှူရှင်များကိုယ်စား နေပြည်တော် သာသနာရေးမှူး ဦးထွန်းမြင့်အောင်က လက်ခံရယူခဲ့သည်။
ထို့နောက် နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ပျဉ်းမနားမြို့၊ သုခဝိဟာရပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ မုနိကုမာရ မထေရ်မြတ်ထံမှ အနုမောဒနာတရားနားကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စု ယာယီရှင်းလင်းဆောင်တွင် ကျင်းပသည့် လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် ရေကြီးနစ်မြုပ်တောင်သူများအတွက် မျိုးစပါးထောက်ပံ့ ပေးအပ်ပွဲသို့ တက်ရောက်သည်။
ဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဓိကသီးနှံများ ပန်းတိုင်အထွက် နှုန်း ရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း အစရှိသည့် နည်းလမ်းလေးရပ်ကို စနစ်တကျ လက်တွေ့ လိုက်နာ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးရေးကို ဆောင်ရွက်ကြစေလိုကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုးစေလိုကြောင်း၊ တောင်သူများအနေဖြင့် သဘာဝမြေဩဇာများပြုလုပ်ပြီး မိမိတို့၏ လယ်ယာမြေများတွင် အကျိုးရှိရှိ အသုံးပြုဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပုဗ္ဗသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထက်အောင်ကျော်က မြို့နယ်အတွင်း စိုက်ပျိုးထားသည့် သီးနံများ၏ အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီး တောင်သူများက လက်ရှိစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး ရေကြီးနစ်မြုပ်ပျက်စီးတောင်သူများအတွက် မျိုးစပါးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကွင်းအမှတ် ၁၆၂၃ (က) တွင် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှု အခြေအနေများအား တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)