ရေဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်များ၊ ဓာတ်ပုံပြပွဲ နှင့် စာအုပ်ပြပွဲဆောင်ရွက်

ရေဖြူ စက်တင်ဘာ ၈

ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင်၊ ပြင်ပအသိပညာဗဟုသုတများတိုးပွားစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက ရေဖြူမြို့အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်‌ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့သည်။

ရှေးဦးစွာ ရေဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဖြူဖြူရှိန်က ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းအားလပ်ရက်အချိန်မှာစာအုပ်၊ စာပေများများဖတ်ရှုလေ့လာကြရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာအကြောင်း၊ ဗလငါးတန်အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက် သုတ၊ ရသစာအုပ်များဖတ်ရှုစေခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး၊ ကျန်းမာရေးအသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများစိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

ခတ္တာ