ဒဂုံတောင် စက်တင်ဘာ ၇
ကျောင်းသား လူငယ်များအနေဖြင့် မိမိတို့အား အတတ်လည်းသင် ပဲ့ပြင်ဆုံးမ ဆရာများ၏ ဂုဏ်ကျေးဇူးကို သိတတ်နားလည်စေရန် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်မြတ်ဆရာများအပေါ် အစဉ်လေးစားတန်ဖိုးထားစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံစာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ကျင်းပကြောင်း သိရသည်။
အဆိုပါ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် "ပညာဥယျာဉ်မှူး"၊ အလယ်တန်းအဆင့်၊ "ဆရာမပြနည်းမကျ" ကဗျာပြိုင်ပွဲတွင် အထက်တန်းဆင့် " ကြယ်ဓူဝံပမာမြတ်ဆရာ "၊ အလယ်တန်းဆင့် " ဆရာသခင်ကျေးဇူးရှင် " ခေါင်းစဉ်တို့နှင့် ယဉ်ပြိုင်ကြရမည်ဖြစ်သည်။
ထိုသို့ယှဉ်ပြိုင်ကြရာ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "ပညာဥယျာဉ်မှူး” ခေါင်းစဉ်ဖြင့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၂)ဦး "ဆရာမပြနည်းမကျ" ခေါင်းစဉ်ဖြင့် အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၆)ဦး၊ ကဗျာပြိုင်ပွဲတွင် "ကြယ်ဓူဝံပမာမြတ်ဆရာ" ခေါင်းစဉ်ဖြင့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၉)ဦး၊ " ဆရာသခင်ကျေးဇူးရှင် " ခေါင်းစဉ်ဖြင့် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး စုစုပေါင်း(၆၂)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သတင်းရရှိသည်။
ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ယှဉ်ပြိုင်နိုင်ကြရန် ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များက အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးကြကြောင်းနှင့် ပြိုင်ပွဲတွင်ဆုရရှိသူများသည် ခရိုင်အဆင့်နှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများကို ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နေမျိုးအောင်