ရှမ်းရွာသစ် စက်တင်ဘာ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အနီးရှိ တောတောင်များတွင် သဘာဝအလျှောက် ပေါက်ရောက်သော တောကြက်ဟင်းခါးပင်များကို ယခင်နှစ်များက တောတောင်များထဲတွင် ခူးယူရောင်းချလျက်ရှိရာမှ ယခုနှစ်တွင် ဒေသနေပြည်သူများ နေထိုင်မှုများပြားလာသောကြောင့် စားသုံးမှုအဆင်ပြေစေရေးအတွက် မိမိတို့၏နေအိမ်ခြံဝင်းထဲတွင် စိုက်ပျိုးသူများပြားလာကြောင်း သိရသည်။
တောကြက်ဟင်းခါးသီးပင်များသည် တောတောင်များ၌ သဘာဝအလျှောက်ပေါက်ရောက်ပြီး မိုးများရွာသွန်းချိန်တွင် လှိုင်လှိုင်ထွက်ရှိကြောင်း၊ တောကြက်ဟင်းခါးသီးများကို ဒေသတွင်း ပြည်သူများနှစ်ခြိုက်စွာ စားသုံးသောကြောင့် ယခုလိုအချိန် ရောက်လျှင် ဒေသနေပြည်သူအများစုသည် မိမိတို့ကျေးရွာအနီးရှိ တောတောင်များတွင် လိုက်လံခူးဆွတ်ရောင်းချကြောင်း၊ ယခင်နှစ်တွင် ကြက်ဟင်းခါးသီး နို့ဆီဘူးတစ်ဘူးလျှင် ငွေကျပ် (၂၅၀) ကျပ်ထိရောင်းချရပြီး ယခုနှစ်တွင် (၅၀၀) ကျပ်ဖြင့်ရောင်းချ၍ တစ်နေ့လျှင် ငွေကျပ် (၆၀၀၀) ခန့်ထိရရှိသဖြင့် အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိသောကြောင့် နေအိမ်ခြံဝင်းထဲတွင် တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် သဘာဝအလျောက် ထွက်ရှိသည့် တောကြက်ဟင်းခါးသီးအညွှန့်များနှင့် အသီးများသည် ဒေသနေပြည်သူအများ နှစ်ခြိုက်စွာစားကြသည့် ဟင်းရွက်တစ်မျိုးဖြစ်ကြောင်း၊ ထမင်းလည်းမြိန်ကာ ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်ကြကြောင်း၊ ဆေးဖက်လည်းဝင်ပြီး လူကြိုက်များသည့် မီးဖိုချောင်သုံးသီးနှံဖြစ်ကာ အပိုဝင်ငွေလည်းရရှိသဖြင့် ယခုလိုအချိန်ရောက်လျှင် ခူးဆွတ်ရောင်းချသူများ ယခင်နှစ်ထက်ပိုများလာကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)