ထားဝယ် စက်တင်ဘာ ၆
နိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန်အတွက် ထားဝယ်ခရိုင် လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့ အမှတ်(၅)အခြေခံပညာထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ခရိုင်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးမှူး ဒေါ်စံပယ်သွင်က “ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသကဲ့သို့ နောင်ကျရင် နယ်ပယ်အသီးသီး၌ ဦးစီးဦးဆောင်ပြုရမည့်သူများဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် စိတ်ကူးစိတ်သန်းများ၊ အိပ်မက်များအကောင်အထည်ဖော်ရာ၌ စာအုပ်စာစောင်များ ဖတ်ရှု့ခြင်း၊ အတွေ့အကြုံရှိသူများကို မေးမြန်းခြင်းကနေ ရရှိနိုင်သလို ကျောင်းသားအချင်းချင်း တိုင်ပင်ဆွေးနွေးခြင်းတို့ကလည်း ရရှိနိုင်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များကို တန်ဖိုးရှိသော လူသားအရင်းအနှီးများအဖြစ် မျှော်မှန်းပြီး ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း၊ လူငယ်များကိုယ်တိုင်ကလည်း မိမိကိုယ်မိမိ တန်ဖိုးရှိသောလူသားများဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြရန် လိုအပ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိကိုယ်ကိုကောင်းအောင် ကြိုးစားခြင်းသည် မိမိပတ်ဝန်းကျင်အတွက်၊ မိမိနိုင်ငံ၊ မိမိလူ့အဖွဲ့အစည်းအတွက်ပါ ကောင်းအောင် ကြိုးစားနေခြင်းဖြစ်ကြောင်း” ပြောကြားသည်။
ထို့နောက် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က ဦးဆောင် ဆွေးနွေးသူ(Moderator)အဖြစ် ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် အမှတ်(၅)အခြေခံပညာထက်တန်းကျောင်းမှ ကျောင်းသူများဖြစ်ကြသည့် Grade-10 ကျောင်းသူ မဆုမွန်ကျော်က လူငယ်နှင့်စာကြည့်တိုက်၊ Grade-10 ကျောင်းသူ မနှင်းအိမ်သူက လူငယ်နှင့်ယဉ်ကျေးမှု၊ Grade-10 ကျောင်းသူ မသဇင်ဝင်းက လူငယ်နှင့်AI ၊ Grade-11 ကျောင်းသူ မလှိုင်သဇင်ခိုင်က လူငယ်နှင့်အားကစားစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသောကျောင်းသား/သူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက ဆွေးနွေးပြောကြားသော ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်