နေပြည်တော် စက်တင်ဘာ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အမှတ် (၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ အမှတ် (၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ခေတ္တကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အမှတ် (၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး တင်အောင်မြင့်သည် ပြည်သူ့စစ်မှုထမ်း သင်တန်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းတပ်ခွဲများအား လိုက်လံစစ်ဆေးသည်။
ထို့နောက် တပ်ခွဲမှူးက ဦးဆောင်၍ သင်တန်းဆင်းတပ်ခွဲ ကတိသစ္စာခံယူကြပြီး ခေတ္တကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းတွင် စံပြတပ်သားဆုနှင့် သင်တန်းတွင် ထူးချွန်ဆုရရှိကြသည့် သင်တန်းသားများအား တစ်ဦးချင်း ဆုများချီးမြှင့်သည်။
ယင်းနောက် အမှတ် (၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး တင်အောင်မြင့်က သင်တန်းဆင်းမိန့်ခွန်းပြောကြားသည်။
ထို့နောက် ခေတ္တကျောင်းအုပ်ကြီး အား သင်တန်းဆင်းတပ်ခွဲများက စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက သင်တန်းသားများအား တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။
သင်တန်းဆင်းပွဲအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် အမှတ် (၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ပေါင်းလောင်းခန်းမ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၃/၂၀၂၄)မှ သင်တန်းသားများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သင်တန်းဆင်းဂုဏ်ပြုအမှာစကားပြောကြားရာတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးမူဝါဒအနေဖြင့် ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်အတွက် ပေးအပ်လာသည့်တာဝန်များကို သစ္စာရှိရှိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်း၊ ကျောင်းဆင်းရဲဘော်များအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမည့်အပြင် ပြည်သူလူထု၏ နေ့စဉ်လူမှုဘဝလုံခြုံရေးကိုပါ ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုသည့်အတိုင်း တပ်မတော်အင်အားရှိစေရန် ယနေ့တပ်မတော်သို့ ဝင်ရောက်၍ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ကြမည့် ကျောင်းဆင်းရဲဘော်များအား လေးစားဂုဏ်ယူပါကြောင်း၊ ယခုသင်တန်းမှ လေ့ကျင့်သင်ကြားပို့ချပေးခဲ့သည့် ဘာသာရပ်များကို လေ့ကျင့်သင်ကြား တတ်မြောက်ပြီးဖြစ်သည့်အတွက် နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုရသည့် စွမ်းရည်၊ စွမ်းပကား ပြည့်ဝသော နိုင်ငံ့သားကောင်းစစ်သည်များဖြစ်အောင် ဆက်လက်လေ့ကျင့်သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းက သင်တန်းသားများအား တွေ့ဆုံ၍ သင်တန်းဆင်းဂုဏ်ပြုအမှာစကားပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က သင်တန်းသားများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)