တံတားဦးမြို့နယ်တွင် မိုးစပါးအထွက်နှုန်းရရှိရေး စံပြကွက်ဓာတ်မြေဩဇာကြဲပတ်ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

တံတားဦး စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပြည်သူများဒေသဝမ်းစာဖူလုံရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မိုးစပါးစံပြကွက်များအား တောင်သူများမှ ဓာတ်မြေဩဇာစုပေါင်းကြဲပတ်ခြင်းကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ် ချောင်းခွကျေိးရွာအုပ်စု ချောင်းခွကျေးရွာ ကွင်းအမှတ်၁၄၁၂ (ခ) တောင်သူဦးစိုးလှိုင်ဦး၏ မိုးစပါးစိုက်ခင်းဧက (၂၀) တွင် ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာသို့ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် ခရိုင်အဆင့်တာဝန်ရှိသူများ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကနေဒီထွန်းက မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များ၊ ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ စပါးပင်၏ သက်တမ်းအလိုက် ဓာတ်မြေဩဇာ လိုအပ်ချက်များကို အချိန်ကိုက်အချိုးကျထည့်သွင်းအသုံးပြုရေး၊ လေလွင့်ဆုံးရှုံးမှုမရှိရေး၊ သဘာဝမြေဩဇာနှင့် ရောနော၍ စနစ်တကျအသုံးပြုရန်နှင့် ပိုးမွှားရောဂါကျရောက်မှုမရှိရေး၊ ရေသွင်းရေထုတ်မှန်ကန်ရေးတိုကို ရှင်းလင်းပြောကြား၍ ဒေသခံတောင်သူများက မိုးစပါးစံပြကွက်များအား  ဓာတ်မြေဩဇာ စုပေါင်းကြဲပတ်ပေးကြပြီး မိုးစပါး စံပြကွက်ဧက (၂၀) စိုက်ပျိုးသည့် တောင်သူဦးစိုးလှိုင်ဦးအား သဘာဝမြေဩဇာနှင့် 15-ပတ်လည်ကွန်းပေါင်း ဓာတ်မြေဩဇာများကို ထောက်ပံ့ပေး သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများသည် မိုးစပါးမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် (၄) မျိုးဖြစ်သည့် ဧရာမင်းစပါး၊ ဆင်းသုခစပါး ၊ GW – 11စပါးနှင့်  GW – 18 စပါး စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုကို ကြည့်ရှုကြကြောင်းသိ ရသည်။

ရဲတင့်(ပြန်/ဆက်)