တံတားဦးခရိုင်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုအားဖြင့် (ဒုတိယ) အကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

တံတားဦး စက်တင်ဘာ ၆

၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၆၀) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုသောအားဖြင့် (ဒုတိယ) အကြိမ်မြောက် တံတားဦးခရိုင် ရဲတပ်ဖွဲ့ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက် (၉) နာရီက တံတားဦးမြို့ ပြည်သူ့ဆေးရုံရှိ သံဃာဆေးကုသဆောင်၌ ကျင်းပကြောင်း သိရသည်။

စုပေါင်းသွေးလှူဒါန်းပွဲတွင် တံတားဦးခရိုင် ဒုတိယရဲမှူးကြီး ဇော်ဝင်းနိုင်က အမှာစကားပြောကြားပြီး ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်ဦးက သွေးလှူဒါန်းပေးရခြင်း၏ ရည်ရွယ်ချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ထို့နောက် တံတားဦးခရိုင် ရဲတပ်ဖွဲ့ဝန်ထမ်းက စုပေါင်းသွေးလှူဒါန်းကြရာ ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးနှင့် တာဝန်ရှိသူများက သွေးလှူဒါန်းနေကြသည့် တပ်ဖွဲ့ဝင် (၂၅) ဦးအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

(၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုသောအာဖြင့် တပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်းခြင်းသည် သွေးအတွက် လိုအပ်သည့် ပြည်သူများ၏ အသက်ကို ကယ်တင်ပေးခြင်းဖြင့် လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ သွေးများမလှူဒါန်းမီအချိန်တွင် သွေးပေါင်စစ်ဆေးခြင်း၊ သွေးအမျိုးအစားခွဲခြားပေးခြင်းများ ဆောင်ရွက်ပေးကြောင်း ၊သွေးလှူဒါန်းပေးသော တပ်ဖွဲ့ဝင်များအား  ကြက်ဥ (၁၀) လုံး၊ Nutrivita (၁၀) လုံးပါတစ်ကဒ်၊ Royal-D (၁) ဗူး၊ ယံယံ (၃) ထုပ်၊ ငှက်ပျော (၁) ဖီးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း တံတားဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရဲတင့်(ပြန်/ဆက်)