ပြင်ဦးလွင် စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ အောင်သင်း ရေးသားသည့် “ပညာဖြင့်ကန်တော့ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က Book Club ၊ Youth Club အဖွဲ့၀င်များဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့၀င် စာရေးဆရာ ကိုရွှေအောင်သင်းက “ပညာဖြင့်ကန်တော့ခြင်း” စာအုပ်ပါ အကြောင်းအရာမှ “သုတနှင့်ပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်အေဇင်မေက “ကံဆိုးလို့ထီပေါက်တာလား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Youth Club အဖွဲ့ဝင်မော င်ရဲထက်ကျော်က “လွယ်လွန်းလို့ခက်နေတယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသူ Book Club ၊ Youth Club အဖွဲ့၀င်များမှ ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများအပေါ် မိမိတို့၏အတွေးအမြင်များကို အသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ အဆိုပါစာဖတ်ဝိုင်းများကို လူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ မတူညီသည့်အတွေးအမြင်၊ အယူအဆများကို အချင်းချင်း မျှဝေပေးနိုင်စေရန်ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။
သွေးသွေး(ပြန်/ဆက်)