တပ်ကုန်းမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တပ်ကုန်း စက်တင်ဘာ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်မည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၊ ပြည်သာနိုင်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက မုခ်ဦးပြင်ဆင် ဆောက်လုပ်ရေး၊ ပြိုင်ပွဲအခန်းများကြိုတင်ပြင်ဆင်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး  ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဥတ္တရခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းတို့က ပြိုင်ပွဲတစ်ခုချင်းစီအလိုက် ကျောင်းသား၊ ကျောင်းသူဦးရေနှင့် ခေါင်းဆောင်ဆရာ၊ ဆရာမများ ကြိုတင်ပြင်ဆင်ထားရှိရေး ဆွေးနွေးပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်၊ တက်ရောက်လာသည့် ထက်၊ လယ်၊ မူကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည်များကို အသီးသီးတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် ကျင်းပပြုလုပ်မည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်တွင် သုတရသစာအုပ်စာစောင်ပြခန်းများ၊ ဓာတ်ပုံပြခန်း များ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ ဂိမ်းကစားနည်းပြိုင်ပွဲများ၊ စာအုပ်အရောင်းဆိုင်များ၊ အသိပညာပေးဟောပြောပွဲ ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ မြို့နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက်များ ရေရှည်တည့်တံ့ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာကြည့်တိုက်နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်တို့တွင် ရင်းနှီးကျွမ်းဝင်လာပြီး အားလပ်ချိန်တွင်စာဖတ်ခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ စာဖတ်ခြင်းမှရရှိလာသည့် အသိပညာ၊ ဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် တွယ်ကျယ်စွာ အသုံးချတတ်လာပြီး တိုင်းပြည်နှင့်လူမျိုး၏အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သည့် မျိုးဆက်သစ်လူတော်လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်