မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် မျောက်ကျောက်ရောဂါကာကွယ်‌ရေး အသိပညာပေးဟောပြော

မိုးနဲ စက်တင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား ၊ကျောင်းသူများ မျောက်ကျောက်ရောဂါအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်နှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာနိုင်စေရန်ရည်ရွယ်၍ မျောက်ကျောက်ရောဂါ (Mpox) ကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ‌ကျောင်းမြက်ခင်းပြင်နေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှင်းလင်းပွဲတွင် အခြေခံပညာအထက်တန်းကျောင်း တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီထွန်းက အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အထက်တန်းပြဆရာမများက မျောက်ကျောက်ရောဂါကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ မျောက်ကျောက်ရောဂါ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သောနည်းလမ်းများ၊ မျောက်ကျောက်ရောဂါဖြစ်ပွားသည့် နိုင်ငံများနှင့် တွေ့ရှိရသော နေရာများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ စစ်ဆေးကုသမှုခံယူနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား‌၊ ကျောင်းသူလေးများက သိရှိလိုသည့်အချက်များကို မေးမြန်းကြရာ မေးမြန်းချက်များကို တာဝန်ခံကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)