မောက်မယ် စက်တင်ဘာ ၅
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မိုးကြိုကြဲပက်ထားသော နှမ်းများ ရင့်မှည့်နေပြီဖြစ်၍ စတင်ရိတ်သိမ်းနေပြီဖြစ်ကာ မိုးဦးကောင်းမွန်သောကြောင့် အပင်များ အောင်မြင်ဖြစ်ထွန်းပြီး အသီးများရင့်မှည့်၍ ရိတ်သိမ်းချိန်တွင် အထွက်နှုန်းများကောင်းမွန်လျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ်မှ တောင်သူများသည် နှမ်းများမစိုက်ပျိုးမီအချိန်ကပင် ထယ်ရေးဖမ်းကာ မြေများနှပ်ထားပြီး မိုးများစတင်ဖြိုင်ဖြိုင်ရွာသွန်းချိန် နှမ်းများကိုကြဲပက်ကာအပင်ပေါက်များ ကောင်းမွန်၍ အပင်ဖြစ်ထွန်းမှုအရှိန်မပျက်ဘဲ အပွင့်ပွင့်ချိန် အသီးများဖြစ်ထွန်းချိန်အထိ မိုးရွာသွန်းမှုကောင်းမွန် သောကြောင့် နှမ်းများအထွက်နှုန်းကောင်းမွန်ကြောင်း စဉ့်ဝင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ နှမ်းစိုက်တောင်သူများထံမှ သိရသည်။
မိုးကြိုနှမ်းများကို မေလဆန်းတွင် စတင်စိုက်ပျိုးပြီး နှမ်းများအောင်မြင်ဖြစ်ထွန်း၍ အပင်များကောင်းမွန်လျက်ရှိသောကြောင့် ကုန်ဝယ်ဒိုင်လက်ဝယ်သို့ နှမ်းနက်တစ်တင်းလျှင် ကျပ် ၂၃၀၀၀၀ခန့်၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၂၁၀၀၀၀ခန့် ယခင်နှစ်များထက် စျေးပိုရရှိ၍ တွက်ခြေကိုက်ကာ နှမ်းစိုက်တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း ယခုနှစ်တွင် မိုးများ၍ လယ်မြေထဲတွင်စိုက်ပျိုးသည့် နှမ်းများထွက်ရှိနှုန်းကျဆင်းနေသော်လည်း ခြံထဲတွင်စိုက်ပျိုးသည့်နှမ်းများကောင်းမွန်၍ အထွက်တိုးကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)