တံတားဦးမြို့နယ်တွင် ချည်မျှင်ရှည်ဝါများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

တံတားဦး စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ်  စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်သူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် သီးနှံများကို  စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ်တွင် တံတားဦးမြို့နယ်၌ ချည်မျှင်ရှည်ဝါ (၈၂၉)ဧကကို စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ယခုနှစ်အတွက် ချည်မျှင်ရှည်ဝါများကို ဒေသနှင့်ကိုက်ညီသော ဝါမျိုးများကို ရွေးချယ်စိုက်ပျိုးခဲ့ကြရာ ယခုအချိန်တွင် အပင်သက်တမ်း (၃)လ သားကျော် အရွယ်သို့ရောက်ရှိခဲ့ပြီး အပွင့်များ၊ အဖူးများ ပွင့်ကာ အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။

ချည်မျှင်ဝါကို မိုးဝါနှင့် မိုးနှောင်းဝါဟူ၍ နှစ်မျိုးရှိပါကြောင်း၊ မိုးဝါကို မတ်လနှင့် ဖွန်လတို့တွင် စိုက်ပျိုးပြီး၊ မိုးနှောင်းဝါကို တောင်သူများ နှမ်းရိတ်သိမ်းပြီး မြေပြုပြင်၍ ဇူလိုင်လနှင့်နှင့် ဩဂုတ်လတို့တွင် စိုက်ပျိုးကြပါကြောင်း၊ တံတားဦးမြို့နယ်တွင် ယခုနှစ် စိုက်ပျိုးရေးဦးစီးဌာနမှ b-31 ဝါမျိုး (၆၇)ဧက၊ Raka ဝါမျိုး (၁၀၀)ဧကနှင့် ရွှေတောင်(၁၀)ဝါမျိုး(၆၆၂)ဧက စိုက်ပျိုးထားကြောင်း ဝါစိုက်ပျိုးရာတွင် တစ်ဧကအတွက် မျိုးစေ့၊ ထွန်ယက်ခ၊ လုပ်အားခနှင့် ဆေးအသုံးပြုကုန်ကျစရိတ် အပါအဝင် စုစုပေါင်း ခန့်မှန်းကုန်ကျငွေ (၂၅၀၀၀၀)နီးပါးရှိပါကြောင်း၊ စိုက်ပျိုးပြီး အပင်သက်တမ်း(၄)လ အကြာတွင် (မကြာမီ) စတင်ကောက်ယူရရှိတော့မည်ဖြစ်ပြီး အနည်းဆုံး(၅)ကြိမ်မှ (၇)ကြိမ်အထိ ကောက်ယူနိုင်ပါကြောင်း၊ B-31 ဝါနှင့် Raka ဝါတို့အနေဖြင့် တစ်ဧကလျှင် ဝါပိဿာချိန် ပျမ်းမျှ ပိဿာချိန် (၇၀၀)ကျော် ထွက်ရှိပြီး ရွှေတောင်(၁၀)ဝါအနေဖြင့် တစ်ဧကလျှင် ဝါပိဿာချိန်ပျမ်းမျှ ပိဿာချိန်(၅၀၀)ကျော်  အကြားအထိ ထွက်ရှိနိုင်ပါကောင်း ယမန်နှစ် ဝါတစ်ပိဿာအနည်းဆုံး ငွေကျပ်(၁၅၀၀)မှ အမြင့်ဆုံး(၃၉၀၀)ကျပ်အထိ ရောင်ချခဲ့ရပါကြောင်း ယခုနှစ်လည်း ဝါဈေးကောင်း ရရှိရန်အတွက်လည်း မျှော်လင့်လျက်ရှိပါကြောင်း ဝါစိုက်တောင်သူ ငါးဇင်ရိုင်ကျေးရွာ တောင်သူ ဦးဇော်ထူးထံမှ သိရသည်။

ရဲတင့်(ပြန်/ဆက်)