အောင်မြေသာစံ စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့ရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး ဒေါ်မမ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့်၎င်းတို့၏ဇနီးများ၊ ဦးစီးကော်မတီအတွင်းရေးမှူး၊ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ် ဦးအောင်ဆန်းဦးနှင့် ဒုတိယပါမာက္ခချုပ်များ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ မန္တလေးမြို့ပေါ်ရှိတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာဦးစီးမှူးများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲကဏ္ဍအသီးသီး၏ အကဲဖြတ်ဒိုင်အဖွဲများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်များ၊ အနုပညာဝါသနာရှင်များ တက်ရောက်ကြသည်။
(၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ မြို့တော်ဝန်၊ စီးပွားရေးရာဝန်ကြီးနှင့် ပါမောက္ခချုပ်တို့က ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ရာ ဆို၊ က၊ ရေး၊ တီး ဂုဏ်ပြုတေး၊ အမျိုးသမီးဆိုင်းအဖွဲ့၊ မင်းသားယိမ်းအကနှင့် ဒိုးပတ်အဖွဲ့ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ဖျော်ဖြေရေးအဖွဲ့များအား ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ဂုဏ်ပြုဆုငွေများချီးမြှင့်သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာကြသူများနှင့် အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
ယခုယှဉ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီး (၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား(၂၆)ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်ပေါင်း (၅၄၂)ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ထူးချွန်အနုပညာရှင်၊ ဝါသနာရှင်များသည် နိုင်ငံတော်အဆင့်သို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)