ထားဝယ် စက်တင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဌ၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က မြန်မာနိုင်ငံလူဦးရေ၏ခန့်မှန်း (၁၀) ရာခိုင်နှုန်းသည် သက်ကြီးရွယ်အိုများဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများဘဝ မြှင့်တင်ရန်နှင့် ၄င်းတို့၏ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိခံစားနိုင်စေရန် ရည်ရွယ်၍ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင်လည်းကောင်း၊ နည်းဥပဒေကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင်လည်းကောင်း အတည်ပြုပြဌာန်းခဲ့ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသကြီးသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့တွင် တိုင်းအဆင့်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများ၏ဘဝ မြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးအရ ရိပ်သာအခြေပြုစောင့်ရှောက်ရေးလုပ်ငန်းစဉ်အဖြစ် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ စေတနာရှင်များမှ ကိုယ်ထူကိုယ်ထတည်ထောင်၍ ဖွင့်လှစ်ထားသော ဘိုးဘွားရိပ်သာများကို လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ထောက်ပံ့ကြေးများပေးအပ်ခြင်း၊ လိုအပ်သောနည်းပညာအကူအညီများပေးခြင်း၊ ကြီးကြပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေးတွင် သက်ကြီးရွယ်အိုများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေးများကို ဖော်ဆောင်ပေးရန် ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ဆွေဆွေလင်းက သက်ကြီးရွယ်အိုများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးတင်ပြရာ ကော်မတီဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ဆွေနွေးတင်ပြချက်များအပေါ်တွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်