ဘားအံ စက်တင်ဘာ ၄
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်မူဝါဒများချမှတ်နိုင်ရေး၊ အရေးကြီးသောလူဦးရေနှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်များ ရရှိနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ကော်မတီအဆင့်ဆင့်တို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ဘားအံခရိုင်အတွင်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ယမန်နေ့နံနက် ၉ နာရီက ဘားအံခရိုင် နည်းပြသင်တန်းကို ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် ဘားအံခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဘားအံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် ရက်အားဖြင့် (၂၇) ရက်သာ လိုတော့ပြီး သင်တန်းမှ လေ့ကျင့်သင်ကြားပေးမှုအပေါ် သေချာစွာလေ့လာမှတ်သား၍ မိမိတို့ကနည်းပြအဖြစ် ပြန်လည်သင်ကြားပို့ချသည့်အခါ မခြွင်းမချန် ထိထိရောက်ရောက် ပြန်လည်အသုံးချလေ့ကျင့်သင်ကြားပေးရန် အထူးပင်လိုအပ်ပါကြောင်း၊ သင်တန်းပြီးဆုံးပါက မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကို သတ်မှတ်ချိန်အတိုင်း အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပေးစေလိုပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားပြီး ဘားအံခရိုင် သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဘားအံခရိုင်ဦးစီးမှူး ဦးမင်းနောင်က သင်တန်းဆိုင်ရာများ ရှင်းလင်းပြောကြားသည်။
ယနေ့ဖွင့်လှစ်သည့်သင်တန်းကို ပြည်နယ်အဆင့်အထူးနည်းပြသင်တန်းဆင်း သင်တန်းနည်းပြ (၃) ဦးက ဘားအံခရိုင်အတွင်းရှိ ဘားအံမြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ(၂၂)ဦး၊ လှိုင်းဘွဲမြို့နယ်မှ (၁၂)ဦး စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ(၃၃)ဦးတို့အား သင်တန်းကာလ(၁၀)ရက်အတွင်း သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာအကြောင်းအရာများနှင့် လက်တွေ့လေ့ကျင့်ခန်းများဖြင့် ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး အပြန်အလှန်ဆွေးနွေးခြင်း၊ ပဟေဠိအမေးအဖြေများဖြင့်လည်း ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းဖွင့်လှစ်ပို့ချနေမှုအား ဘားအံခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)