ထားဝယ် စက်တင်ဘာ ၄
(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲအား ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူက (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ဦးတည်ချက်(၄)ရပ်ဖြင့် ကျင်းပမှာဖြစ်ကြောင်း၊ ခရိုင်အဆင့်ပြိုင်ပွဲတွင် ရွေးချယ်ခံရသူများအနေဖြင့် ထားဝယ်ခရိုင် ကိုယ်စားပြုပြီး တနင်္သာရီတိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ကြရမှာဖြစ်ကာ တိုင်းဒေသကြီးအဆင့်တွင် ထပ်မံရွေးချယ်ခံရသူများက ဗဟိုအဆင့်ပြိုင်ပွဲသို့ တက်လှမ်းယှဉ်ပြိုင်သွားရမှာဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာအမွေအနှစ်များကို မူလဗီဇကပင် မြတ်နိုးထိန်းသိမ်းတတ်ကြသူများဖြစ်သည့် ပြိုင်ပွဲဝင်များအနေဖြင့် မြန်မာတို့၏ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ပိုမိုရှင်သန်ခိုင်မာရေးအတွက် မဆုတ်မနစ်သောဇွဲ၊ လုံ့လ၊ ဝိရိယများဖြင့် ခရိုင်အဆင့်မှ တိုင်းဒေသကြီးအဆင့်၊ တိုင်းဒေသကြီးအဆင့်မှ ဗဟိုအဆင့်တိုင်အောင် တက်လှမ်းပြီး တိုင်းဒေသကြီးဂုဏ်ဆောင်ဖြစ်လာရေး ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့်တွင် အခြေခံပညာအဆင့်အသက် (၁၀-၁၅) နှစ်၊ (၁၅-၂၀) နှစ် ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်မိဘများနှင့် ဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်