စဉ့်ကိုင် စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌မြို့ပေါ်(၅)ရပ်ကွက်မှ အသက် (၂)လပြည့်မှ တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းကို စက်တင်ဘာလလ(၁)ရက်နေ့မှ စတင်ထိုးနှံလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင်လည်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဌာနမှ၀န်ထမ်းများက အသက် နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များကိုဘီစီဂျီ၊ ပြင်းထန်၀မ်းပျက်၀မ်းလျှော၊ (ရိုတာ) ပိုလီယို ပြင်းထန်အဆုတ်ရောင်(ပီစီဗီ) ၀က်သက်ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ကာကွယ်ဆေးများကို အသက်အရွယ်၊ အပိုင်းအခြားအလိုက် ထိုးနှံပေးရာတွင် ပုံမှန်ကာကွယ်ဆေး လာရောက်ထိုးနှံသော အသက်နှစ်လမှ တစ်နှစ်ခွဲအထိ ကလေးငယ် (၅၅)ဦးနှင့် မေးခိုင်ကာကွယ်ဆေးကို ကိုယ်၀န်ဆောင်မိခင်(၂၀)ဦးတို့အား ထိုးနှံပေးခဲ့ကြကြောင်းနှင့်မြို့နယ် အနေဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို လစဉ်လဆန်း ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ပုံမှန်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကျော်စွာ (စဉ့်ကိုင်)