စဉ့်ကိုင်မြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ပြပွဲ/ပြိုင်ပွဲများကျင်းပ

စဉ့်ကိုင် စက်တင်ဘာ  

ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် အကျိုးပြုမည့် အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နှုတ်မှုစွမ်းရည်များတိုးတက်လာစေရန်၊ လူအများအလယ်တွင် ရဲဝင့်စွာ ပြောဆိုတတ်စေရန်၊  စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန်၊ စသည်တို့ကိုရည်ရွယ်ကာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က (သင်္ဂတုံ)တို့ ပူးပေါင်း၍ သင်္ဂတုံကျေးရွာ “ဘဝအလင်းသစ်” စာကြည့်တိုက်၌ ယနေ့နံနက် ၉ နာရီက  စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ပြပွဲ၊ပြိုင်ပွဲများ ပြုလုပ်ရခြင်း ရည်ရွယ် ချက်များကို ရှင်းလင်းခဲ့ပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်‌နှင်းအိအိခိုင်က ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းခဲ့ကြသည်။ ဆက်လက်ပြီး အ.မ.က (သင်္ဂတုံ)မှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးတို့က မိမိတို့နှစ်သက်ရာ ခေါင်းစဉ်များဖြင့် ကဗျာရွတ်ပြိုင်ပွဲတွင်လည်းကောင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများတွင်လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသုံးဗလာစာအုပ်၊ ခဲတံဘူး၊ ရောင်စုံခဲတံနှင့် ဆေးရောင်ခြယ် စာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)