မြဝတီ စက်တင်ဘာ ၄
ကရင်ပြည်နယ်၊ မြဝတီခရိုင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြဝတီမြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများအနေဖြင့် Mpox (မျောက်ကျောက်) ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးရှင်းလင်းပွဲကို ယမန်နေ့နံနက် ၁၁နာရီက အမှတ်(၄)ရပ်ကွက်၊ Vantage Hotel ခန်းမဆောင်၌ ကျင်းပသည်။
ဦးစွာ မြဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကား ပြောကြားပေးပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်ဝင်းကMpox (မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ လတ်တလောအခြေအနေတွင် ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ (DRC) နှင့် အာဖရိကတိုက်ရှိ နိုင်ငံများ၌ အစုလိုက် ကူးစက်ဖြစ်ပွားလျက်ရှိကြောင်း၊ Mpox (မျောက်ကျောက်) ရောဂါကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ ရောဂါပျိုးရက်၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ မိမိကိုယ်တိုင် သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့ရန်နှင့် ခရီးသွားများအတွက် Mpox (မျောက်ကျောက်) ရောဂါဆိုင်ရာ ကျန်းမာရေးအကြံပြုချက်များကို ရှင်းလင်းပေးပြီး တက်ရောက်ကြသူများက သိရှိလိုသည့်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူက ဖြည့်စွက်ဆွေးနွေးပေးသည်။
အဆိုပါ ရှင်းလင်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်ဝင်း၊ ခရိုင်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချောကြည်ကြည်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦးနှင့် ဟိုတယ်၊ မိုတယ်လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ စုစုပေါင်းအင်အား ၁၀၀ ကျော် တက်ရောက်ခဲ့ကြပြီး Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေးနှိုးဆော်ချက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)